ဟိုတယ်အသစ်ဆောက်လုပ် ခွင့်တွေရပ်ဆိုင်း
2016.09.14

ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ဟိုတယ်ဆောက်လုပ်ခွင့် ဆိုင်းငံ့လိုက်ကြောင်း ဟိုတယ်နဲ့ ခရီးသွား လာရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန် လိုက်ပါတယ်။
ဟိုတယ်အခန်းတွေ အရမ်းများပြီး ခရီးသွားဧည့်သည်တွေမရှိတဲ့အတွက် နစ်နာမှုတွေ ရှိနေတာလို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ပြောပါတယ်။
"Demand နဲ့ Supply ကိုကြည့်နေတာပါ မျှအောင်ကြည့်နေတာပါ။ ဟိုတယ်အခန်းတွေက တအားတွေများ၊ လူတွေက မရှိတဲ့အခါကြတော့ အခန်းတွေက ဈေးတွေချ၊ ဟိုတယ်တွေလည်း တော်တော်လေး နစ်နာမှုတွေ ရှိနေတာပေါ့နော်၊ နည်းနည်း Control ပြန်လုပ်တာပါ"
ခွင့်ပြုချက်တောင်းခံထားတဲ့ ဟိုတယ်တွေကို ဆောက်လုပ်ခွင့် မပေးတော့ဘဲ ဆိုင်းငံကာလ သတ်မှတ်ထားခြင်း မရှိသေးဘူးလို့လည်း ပြောပါတယ်။
ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန စာရင်းတွေအရ ရန်ကုန်မြို့မှာ ဟိုတယ် အခန်းအရေအတွက် တစ်သောင်းခြောက်ထောင်ကျော်၊ မန္တလေးမြို့မှာ ခုနှစ်ထောင်ကျော်နဲ့ တောင်ကြီးမြို့မှာ သုံးထောင်ခြောက် ရာကျော်ရှိတာဖြစ်ပါတယ်။