ကိုဗစ်ကြောင့် မြန်မာပြည်မဘက်ခြမ်းကလူတွေကို UWSA ဝင်ခွင့်ပိတ်

2021.07.09
ကိုဗစ်ကြောင့် မြန်မာပြည်မဘက်ခြမ်းကလူတွေကို UWSA ဝင်ခွင့်ပိတ် ဝ ဒေသက စစ်ဆေးရေးဂိတ်တစ်ခုကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံအတွင်း ကိုဗစ်တတိယလှိုင်း ကူးစက်ပျံ့နှံ့မှု အရှိန်မြင့်လာတာကြောင့် မြန်မာပြည်မဘက်ခြမ်းက ‘ဝ’ ပြည်နယ်ထဲကို ဝင်ရောက်ခွင့် ပိတ်ပင်ထားပြီး တရားမဝင် ဝင်ရောက်တာကို စစ်ဆေးတွေ့ရှိရင် ဒဏ်ရိုက် အရေးယူသွားမယ်လို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရဲ့ ပြင်ပဆက်ဆံရေးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက RFA ကို ဒီနေ့ပြောပါတယ်။

‘ဝ’ ပြည်နယ်ထဲကို ဝင်ရောက်ခွင့်ကို ပြီးခဲ့တဲ့ ဇွန်လဆန်းကပင် စတင်ပိတ်ပင်ခဲ့ပေမယ့် ခိုးဝင်လာသူအချို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ပြောပါတယ်။

"အဝင်အထွက်အားလုံးကို ယာယီပိတ်ပင်မှုတွေ လုပ်ထားတာတော့ရှိတာပေါ့။ ဒါပေမဲ့ အစိုးရ ထိန်းချုပ် နယ်မြေဘက်က ခိုးဝင်လာတဲ့လူတချို့မှာ ဆေးစစ်မှုတွေလုပ်တဲ့အခါကျတော့ Positive အချို့ကို တွေ့ရတယ်။ များတော့မများပါဘူး။ ကျွန်တော်သိသလောက်ဆိုရင် နှစ်ယောက် သုံးယောက်လောက်တော့ ရှိတယ်"

‘ဝ’ ပြည်နယ်ဗဟိုကော်မတီရဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ကလည်း ခိုးဝင်လာတဲ့သူတွေနဲ့ အဲဒီ လူတွေကို လက်ခံထားတဲ့သူတွေအနေနဲ့ UWSA ထံ ကိုယ်တိုင်လာရောက်ဝန်ခံရင် ပြဒ်ဒဏ်လျော့မှာ ဖြစ်ပေမယ့် စစ်ဆေးတွေ့ရှိရင်တော့ တရုတ်ယွမ်ငွေ ၁၀၀၀ ကနေ ၅၀၀၀ အထိ ဒဏ်ငွေ ပေးဆောင်ရမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ကိုဗစ်ရောဂါကို စတင်တွေ့ရှိခဲ့တဲ့ တရုတ်နဲ့ ၀ နယ်စပ်မှာတော့ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်တာတွေ ရှိပေမယ့် UWSA က ဝင်ထွက်ခွင့် ပိတ်ပင်တာမရှိပါဘူး။

ပြီးခဲ့တဲ့ ကိုဗစ် ဒုတိယလှိုင်းအတွင်းကလည်း UWSA ထိန်းချုပ်ဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၀၄ ဦးရှိခဲ့ပြီး သေဆုံးသူမရှိဘဲ အားလုံး သက်သာပျောက်ကင်းခဲ့တယ်လို့ UWSA ရဲ့ ပြင်ပဆက်ဆံရေးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်း က ပြောပါတယ်။

အခုလက်ရှိမှာ ၀ ဒေသအတွင်းနေထိုင်သူ သုံးသိန်းကျော်ရှိပြီး အားလုံးနီးပါးဟာ တရုတ်နိုင်ငံထုတ် Covid-19 ကာကွယ်ဆေးထိုးနှံပြီးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။