လေပြင်းကြောင့် စစ်ကိုင်းမှာ ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ
2017.05.06

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ် ၉ မြို့နယ်မှာ မနေ့က လေပြင်းတိုက်ခတ်သွားခဲ့တဲ့အတွက် နေအိမ် စုစုပေါင်း ၂ဝဝ နီးပါး ပျက်စီးသွားပြီး ကလေးငယ်တစ်ဦး သေဆုံးကာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြောပါတယ်။
ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး၊ ဟုမ္မလင်းအပါအဝင် မြို့နယ် ၉ ခုမှာ နေအိမ် ၁၅ဝ၊ ၂ဝဝ လောက် အမိုးလန် ပျက်စီးခဲ့သလို ဟုမ္မလင်းမှာ ကလေးတစ်ဦး သစ်ပင်ပိသေဆုံးခဲ့ပြီး ဒီပဲယင်းမှာ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ တိုင်းဦးစီးမှူးရဲ့ သတင်းပေးပို့ချက်အရ သိရကြောင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။
"ဒီပဲယင်း၊ ဘုတလင်၊ ကနီ၊ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး နောက် ဟုမ္မလင်း အဲဘက်က ဦးစီးမှူးပြောတာတော့ အကုန်လုံး စုစုပေါင်းတော့ အိမ် ၁၅ဝ၊ ၂ဝဝ လောက်တော့ ရှိမယ်တဲ့၊ အမိုးလန်အပျက်စီးတွေပေါ့၊ ပြိုတဲ့အိမ်လည်း ပါရင်ပါမယ်၊ အမိုးအကာ လန်တာတွေက များတယ်၊ ကနဦးရတဲ့သတင်းပေါ့၊ ဟုမ္မလင်းမှာ ကလေးတစ်ယောက် သေတယ်တဲ့၊ သစ်ပင်ပိ တာပေါ့နော်၊ နောက်ခါကျတော့ ဒီပဲယင်းမှာကျတော့ ၂ ယောက် ဒဏ်ရာရတယ်"
ဒဏ်ရာရသူ ၂ ဦးမှာ တစ်ဦးက သစ်ပင်ပိပြီး ခါးကျိုးသွားတာကြောင့် မန္တလေးဆေးရုံမှာ တက်ရောက်ကုသနေ ရပြီး နောက်တစ်ဦးကတော့ ဂုတ်ကိုသွပ်ရှတာဖြစ်ကြောင်းလည်း ပြောပါတယ်။
ဆေးရုံတက် ကုသနေသူတွေကို ၅ သောင်းစီနဲ့ သေဆုံးသွားသူအတွက် ကျန်ရစ်သူမိသားစုကို ငွေကျပ် ၃ သိန်း ထောက်ပံ့ပေးခဲ့ပြီး ထောက်ပံ့ငွေတွေကို အရင်ထက် တိုးမြှင့်ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။
လေဘေးဒဏ်ခံခဲ့ရသူတွေထံ သက်ဆိုင်ရာ တိုင်းဦးစီးမှူးတွေက သွားရောက်ကာ ကယ်ဆယ်ရေး ပစ္စည်းတွေ နဲ့ ထောက်ပံ့ငွေတွေပေးအပ်ကာ စာရင်းအတိအကျကို ကောက်ယူနေတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းနဲ့ ကျောက်ကြီးမြို့နယ်တွေမှာလည်း လေပြင်းကြောင့် အမိုးလန် ပျက်စီးသွားတဲ့နေအိမ် ၅ဝဝ ကျော်ရှိကြောင်း လူ/ကယ်/ပြန် ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။