မုန်တိုင်းအရှိန်ကြောင့် ရခိုင်မှာ အဆောက်အဦးတွေ ပျက်စီး
2017.05.30

ရခိုင်ကမ်းရိုးတန်းအနီးကနေဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ကို ဦးတည်ဝင်ရောက်သွားတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုရာကြောင့် စစ်တွေအပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ၁၂ မြို့နယ်လောက်မှာ သစ်ပင်တွေကျိုးကျတာ၊ နေအိမ်၊ စာသင်ကျောင်းတွေနဲ့ ဘာသာရေး အဆောက်အဦးတွေ အမိုးလန်ပျက်စီးတာတွေ ဖြစ်ခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကနေ သိရပါတယ်။
ကနဦးရရှိထားတဲ့ စာရင်းတွေအရ စစ်တွေ၊ သံတွဲနဲ့ ကျောက်တော်မြို့တွေမှာ နေအိမ်အဆောက်အဦးေတွ ပျက်စီးဆုံးရှုံးမှုရှိတယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူး ဦးကျော်မင်း က ပြောပါတယ်။
"မုန်တိုင်းက ည ၁ နာရီလောက်မှာ မိုးတွေရွာ လေပြင်းတွေ တအားတိုက်ပြီးတော့ မနက်မိုးလင်းတဲ့ အထိပါပဲ၊ စစ်တွေမြို့ပေါ်တော့ ဆိုင်းဘုတ်တွေလဲ၊ သစ်ပင်တွေကျိုးကျ၊ နောက်မင်းဂံရပ်ကွက်ရှေ့ မှာတော့ ကျူးကျော်တဲလေးတွေ၊ နေအိမ်လေးတွေ ပြိုကျပျက်စီးလန်ပြန်ထွက်တာတော့ အိမ်ခြေ ၈၀ လောက်ရှိတယ်လို့ သိရပါတယ်၊ သံတွဲက မော်ရုံကျေးရွာမှာတော့ အိမ်ခြေ ၃၀ လောက် အမိုး လန်ပျက်စီးကုန်တယ်လို့ သိရတယ်၊ ကျောက်တော်မြို့ မင်းရဲဒင်ကျေးရွာမှာတော့ အိမ်ခြေ ၃၀ လောက် အမိုးလန်ပျက်စီးတယ်လို့ အကြမ်းဖျင်းတော့ သတင်းရပါတယ်။"
မုန်တိုင်း သက်ရောက်မှုရှိတဲ့ ဘူးသီးတောင်ဒေသဘက်ကတော့ အဆက်အသွယ်တွေ ပြတ်တောက်နေတာကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းကို မသိရသေးဘူးလို့ ပြောပါတယ်။
စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ မောင်တောနဲ့ သံတွဲ စတဲ့မြို့နယ်တွေမှာ မိုရာ မုန်တိုင်းအရှိန်ကြောင့် လေပြင်းတွေတိုက်ခတ်ပြီး မိုးရွာသွန်းမှုတွေ ဖြစ်ခဲ့တာပါ။
မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မုန်းတိုင်း သက်ရောက်မှုရှိခဲ့တဲ့ ရခိုင်ပြည်နယ်ကို ဒီကနေ့ လူကယ်ပြန်ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် သွားရောက်ပြီး ပြည်နယ်အစိုးရအဖွဲ့နဲ့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင် မှာ ဖြစ်တယ်လို့ လူကယ်ပြန်ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အောင်သူရိန်က ပြောပါတယ်။