မုန်တိုင်းသတိပေးချက်တွေကြောင့် လပွတ္တာမြို့ပေါ်ကို တိမ်းရှောင်လာ သူ ၅၀၀ ကျော်ရှိ


2016.10.23
storm-refugees-620.jpg မုန်တိုင်းသတိပေးချက်ကြောင့် လပွတ္တာမြို့ပေါ်သို့ တိမ်းရှောင်လာသူတွေကို အောက်တိုဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: လပွတ္တာမြို့ နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့

မုန်တိုင်းတိုက်ခိုက်ပြီး ဒီရေတက်လာနိုင်တယ်ဆိုတဲ့ မိုးလေဝသသတိပေးချက်တွေကြောင့် ဧရာဝတီ တိုင်းဒေသကြီး လပွတ္တာမြို့ပေါ်ကို တိမ်းရှောင်လာသူ ၅၀၀ ကျော်ရှိနေပါတယ်။

မုန်တိုင်းရှောင်တဲ့ ဒေသခံတွေကို လပွတ္တာမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ နေရာချထားပေးတယ် လို့ လပွတ္တာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့် က ပြောပါတယ်။

"ဘုန်းကြီးကျောင်းတွေမှာပဲ စီစဉ်ရတာပေါ့။ တကယ့်တကယ် ဖြစ်လာကြပြီ ဆိုရင်လည်း ဘုန်းကြီး ကျောင်းတွေပဲ ပြေးလာကြတာကိုး။ အုပ်ချုပ်ရေးမှူးတွေ ကိုလည်း ဘုန်းကြီးကျောင်းတွေမှာ လူတွေကို နေရာချထားပေးဖို့ သူတို့လိုအပ်တဲ့အကူအညီပေးဖို့ ဆိုပြီးတော့ မှာထားပြီးပါပြီ။ အခုရောက်နေကြပြီ ၅၀၀ လောက်ရောက်နေကြပြီ။ လောလောဆယ်အဓိက ကတော့ ဘုန်းကြီးကျောင်းကြီးတွေ ၂ ကျောင်း ဖြစ်တဲ့ လေးထပ်တို့ ကိုးနဝင်းတို့မှာ နေရာချထားပေး ထားပါတယ်"

ပြင်စလူမြို့နယ်ခွဲအတွင်းက စလူဂိတ်၊ သပြူကုန်း၊ ရေဗွေ၊ ဘိုကုန်း၊ ဗိုင်းတောင်ချောင့် စတဲ့ ကျေးရွာတွေက ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ သတိပေးချက်တွေအရ မုန်တိုင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲခရိုင်တို့မှာ ဒီရေဟာ (၇)ပေကနေ (၁၀)ပေအထိ မြင့်တက်နိုင် တယ်လို့ သိရပါတယ်။

ဒီရေမြင့်တက်လာနိုင်တယ်လို့ အသိပေးထားတာကြောင့် ပင်လယ်ကမ်းရိုးတန်းအနီးကျေးရွာတွေက ဒေသခံတွေ က လပွတ္တာမြို့ပေါ်ကို တိမ်းရှောင်လာတာဖြစ်ပါတယ်။

မုန်တိုင်းရှောင်ဖို့အတွက် မြို့ပေါ်ကို ရေလမ်းနဲ့လာရောက်မယ်ဆိုရင် အန္တရာယ်ရှိနိုင်တဲ့အတွက် မိမိအရပ်ဒေသ က မြင့်မားတဲ့အဆောက်အအုံတွေမှာ နေထိုင်ကြဖို့ကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကနေ အကြောင်းကြား ထားတယ်လို့ လပွတ္တာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့် က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။