ဆန္ဒပြနိုင်ငံရေးအကျဉ်းသားများကို ထောင်ဝင်စာတွေ့ခွင့်ပိတ်

မေလ ၂၂ ရက် ပြီးခဲ့တဲ့ တနင်္ဂနွေက အင်းစိန်ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အာဏာပိုင်တွေက ထောင်ဝင်စာ တွေ့ခွင့် ပိတ်ပင်ထားတယ်လို့ RFA က စုံစမ်း သိရှိရပါတယ်။

2011.05.25
insein_jail_305_z.jpg ဆိုးဝါးမှုတွင် ကမႝာကျော်သော အင်းစိန်ထောင် ဂိတ်တံခါးတွင် ထောင်ဝင်စာတွေ့ရန် စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ထောင်ဝင်စာလာတွေ့သူတွေကို ထောင်အာဏာပိုင်တွေက အမည်စာရင်းနဲ့ တိုက်ကြည့်ပြီး ဆန္ဒပြသူ စာရင်းမှာ ပါတဲ့ မိသားစုဝင်တွေကို ထောင်ဝင်စာ တွေ့ခွင့်မပေးဘူးလို့ အင်းစိန်ထောင် နိုင်ငံရေး အကျဉ်းသား မိသားစုတွေနဲ့ နီးစပ်သူတဦးက ပြောပြပါတယ်။

“ပိတ်တဲ့လူတွေ ပိတ်တယ်လို့ ပြောတယ်။ ကိုယ်တိုင်သွားမှပဲ သူက ကြေညာတာလေ။ ပါတဲ့စာရင်းတွေကို သူက ရေးထားတာကိုး။ ၂၂ ယောက်လို့ ပြောတယ်။ ပါတဲ့လူကို သူက ကြည့်လိုက်သေးတယ်။ ဒီလူ ပါတယ်ဆိုရင် ထောင်ဝင်စာ ပေးမတွေ့ဘူး။ ပြန်တော့၊ အဲလိုပေါ့။ ပါတယ် မပါဘူး သူတို့ ခွင့်ပြုထားတဲ့ လူကျရင်တော့ ပေးတွေ့တယ်၊ အဲလိုပေါ့။ အဲဒီတော့ ကိုယ်တိုင် သွားတဲ့ အလှည့်မရောက်သေးတဲ့ လူတွေကတော့ မသိကြသေးဘူးပေါ့နော်။”

အင်းစိန်ထောင်တွင်းမှာ စာနယ်ဇင်း အယ်ဒီတာဟောင်း ကိုညီညီထွန်းနဲ့ ရခိုင်လူငယ် ကိုအောင်နိုင်တို့ ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသား အယောက်၂၀ ကျော်က အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။

ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှုရဖို့ ၊ လုံလောက်တဲ့ အစာအာဟာရ ပေးဖို့၊ စာရေးသားခွင့်နဲ့ လူ့ဂုဏ်သိက္ခာနဲ့ ကိုက်ညီတဲ့ ထောင်ဝတ်စုံကို ခြောက်လတကြိမ် လဲခွင့် စတဲ့ အချက် ၇ ချက်ကို လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။ ဒါအပြင် သမ္မတဦးသိန်းစိန်ရဲ့လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ပြန်လည် ပြင်ဆင်ပေးဖို့ နိုင်ငံရေးအကျဉ်းသားတွေက တောင်းဆိုနေကြတယ်လို့လည်း သိရပါတယ်။

အစာငတ်ခံဆန္ဒပြပွဲ စတင်ပြီး မကြာခင်မှာ အင်းစိန်ထောင် ညွှန်ကြားရေးမှူး ရောက်လာပြီး ကိုညီညီထွန်း၊ ကိုစိုးမိုးထွန်းအပါအဝင် နိုင်ငံရေးအကျဉ်းသား ခြောက်ယောက်ကို သီးသန့်တိုက်ပိတ် အရေးယူခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။ အခုအချိန်အထိ နိုင်ငံရေးအကျဉ်းသားတွေဟာ ဆက်လက်ပြီး အစာငတ်ခံ ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။