ကျောင်းသားသမဂ္ဂ (၃) နှစ်ပြည့် လွိုင်ကော်မှာ ကျင်းပ
2015.12.12

ကယားပြည်နယ် ကျောင်းသားသမဂ္ဂ (၃) နှစ်ပြည့်မြောက်အခမ်းအနားကို လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်က ကက်သလစ်ဘုရားကျောင်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနဲ့ သာယာဝတီအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ကျောင်းသားပြည် သူတွေ လွတ်မြောက်ရေးအတွက် တောင်းဆိုထားတယ်လို့ ကယားပြည်နယ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ခွန်ရဲမင်းကျောင်က ပြောပါတယ်။
"အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေပါ့နော် လွတ်မြောက်နိုင်ဖို့အတွက် မလွတ်မြောက်မချင်း ကျနော်တို့က ဆက်လက်တိုက်ပွဲဝင်သွားမယ်ပေါ့နော်၊ ရှေ့ဆက်ပြီးတော့ ကျနော်တို့ ဒီလိုမျိုး ကျောင်းသားတွေ အတွက်ပေါ့နော် အသိအမြင်တွေ၊ ဗဟုသုတတွေ တိုးချဲ့ပေးမယ့် သင်တန်းတွေလည်း ဆက်လုပ်ဖို့ရှိပါတယ်"
ကယားပြည်နယ်ကျောင်းသားသမဂ္ဂကို ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကယားပြည်နယ် တက္ကသိုလ်ကျောင်းသား ၁၂ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့ ကျင်းပတဲ့ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကယားလူမျိုးစုဒီမိုကရေစီပါတီ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ) ၊ ကရင်နီပြည်လူငယ်များသမဂ္ဂ စတဲ့ နိုင်ငံရေး၊ အပစ်ရပ်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ နဲ့အတူ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၅ဝ ကျော် တက်ရောက်ခဲ့ကြပါတယ်။