ကိုအောင်မှိုင်းဆန်း ထောင်တွင်းမှာ စတင်အစာငတ်ခံဆန္ဒပြ
2015.10.23

ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ရွေးကောက်ပွဲမတိုင်ခင် ပြန်လွှတ်ပေးဖို့အတွက် သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက ထောင်တွင်းမှာ ဒီနေ့ကစပြီး အစာငတ်ခံဆန္ဒပြနေပါတယ်။ ကိုအောင်မှိုင်းဆန်း အစာငတ်ခံ ဆန္ဒပြနေတဲ့အတွက် ထောင် အာဏာပိုင်တွေက သီးသန့်တိုက်ခန်းကိုပြောင်းရွှေ့ထားတယ်လို့ ကိုအောင်မှိုင်းဆန်းရဲ့ ဇနီးဖြစ်သူ မလဲ့လဲ့နွယ် က ပြောပါတယ်။
"သူ့ကို တိုက်ခွဲထားတယ်လို့ကြားတယ်၊ အစာငတ်ခံဆန္ဒပြမယ်၊ ထောင်ထဲမှာ တိုက်ခွဲထားတာကတော့ အာဏာပိုင်တွေရဲ့လုပ်ထုံးလုပ်နည်းပေါ့နော်၊ တစ်ဖက်က စိုးရိမ်ရတာကတော့ သူ့ကိုတစ်ဦးထဲခွဲထားရင် သူရဲ့ကျန်းမာရေးကိုမသိရတော့ဘူး၊ သူရဲ့ရဲဘော်တွေနဲ့ ပေါင်းမထားတော့ ကျမတို့ သတင်းအချက် အလက်တွေ မရနိုင်တော့ဘူးပေါ့နော်၊ လုပ်ထုံးလုပ်နည်းလို့ပြောပေမယ့် ကျမရဲ့အမျိုးသားအနေနဲ့ကတော့ စိုးရိမ်ရတာပေါ့"
အဲဒီလိုဆန္ဒပြမှုမှာ ကျန်တဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေလည်း ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကိုအောင်မှိုင်းဆန်းက ဖမ်းဆီးခံထား ရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က တောင်းဆိုခဲ့ပြီး ဒီနေ့ စတင်ဆန္ဒပြတာဖြစ်ပါတယ်။
အဲဒီဆန္ဒပြတာကို မန္တလေး အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေက ထောက် ခံကြောင်း ကြေညာချက်ထုတ်ခဲ့ပြီး ပဲခူးမြို့က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုနိုင်နိုင်အောင် ကလည်း ထောက်ခံတဲ့အနေနဲ့ ပဲခူးမြို့ကနေ သာယာဝတီအကျဉ်းထောင်ရှေ့ကို တစ်ကိုယ်တော် ချီတက်လမ်း လျှောက်နေပါတယ်။
ကိုနိုင်နိုင်အောင်ကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။