ဆန္ဒပြကျောင်းသားတွေ တောင် သာမြို့ထဲ ဝင်ရောက်ခွင့်ရရှိ


2015.01.27
students-march-305 ပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြတဲ့ ကျောင်းသားတွေ ရန်ကုန်မြို့ကို ချီတက်လာစဉ်
Photo: Hset Paing Toe/ RFA

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြကြတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ဒီနေ့ ညနေပိုင်းမှာ ညှိနှိုင်းမှု ပြေလည်သွားတာကြောင့် ဆန္ဒပြကျောင်းသားတွေကို တောင်သာမြို့ထဲ ဝင်ခွင့်ပြုလိုက်ပါတယ်။

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအဝင် ဝန်ကြီးတချို့နဲ့ နေပြည်တော်မှာ ဆန္ဒပြကျောင်း သားခေါင်းဆောင်တွေ သွားရောက်တွေ့ဆုံဖို့ သဘောတူလိုက်တာကြောင့် အခုလိုခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ ဆန္ဒပြကျောင်းသား ကိုအောင်မှိုင်းဆန်း က ပြောပါတယ်။

"ကျနော်တို့ လမ်းလျှောက်လာတာကို သူတို့တားထားတဲ့အချိန်မှာ အစိုးရဖက်က လာညှိတယ်၊ ဦးအောင်မင်းတို့က ကျနော်တို့နဲ့ တွေ့ချင်တယ်လို့ ပြောတယ်ပေါ့၊ ကျနော်တို့ကတွေ့ဖို့ သဘောထားရှိတယ်၊ ဒါပေမဲ့ သပိတ် စစ်ကြောင်းကို ပိတ်ထားတာတွေဖွင့်ပေးပါ၊ သူတို့နဲ့တွေ့ဆုံမယ်လို့ ကျနော်တို့က အကြောင်းပြန်လိုက်တယ်၊ အကြောင်းပြန်လိုက်တော့ သူတို့အဆင့်ဆင့်ညှိပြီးတော့ ပေးလိုက်တာပေါ့၊ ကျနော်တို့ကလည်း ဒီဖက်က သူတို့စည်းတွေကို တစ်ခုပြီးတစ်ခုဖယ်ပြီးတော့ တိုးဝင်နေတယ်"

ဆန္ဒပြကျောင်းသားခေါင်းဆောင်တွေဟာ ပြည်ထောင်စုဝန်ကြီးတချို့နဲ့ နေပြည်တော်မှာ မနက်ဖြန် သွားရောက်ညှိနှိုင်းဆွေးနွေးမှာဖြစ်ပေမဲ့ ကျန်တဲ့ဆန္ဒပြကျောင်းသားတွေကတော့ ဆက်လက်လမ်းလျှောက် ဆန္ဒပြကြမယ်လို့ သိရပါတယ်။

ဆန္ဒပြကျောင်းသား ကျောင်းသူတွေကို တောင်သာမြို့အဝင်မှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက စည်း ၃ ခုတားပြီး တားဆီးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီတားဆီးဂိတ်ကို မရောက်ခင် ၆ မိုင်အကွာက နန်းမြင့်ရွာမှာ ပညာရေး သုတေသန ညွှန်ကြးရေးမှူးချုပ် ဒေါက်တာခိုင်မြဲ၊ အထက်မြန်မာပြည် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ချုပ် ဒေါက်တာ ကိုကိုမြင့်၊ အောက်မြန်မာပြည် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ချုပ် ဒေါက်တာစိုးဝင်း၊ မန္တလေး တက္ကသိုလ် ပါမောက္ခချုပ်တို့က ဆန္ဒပြကျောင်းသားတွေနဲ့ တွေ့ဆုံညှိနှိုင်းခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။