သာယာဝတီထောင် က ကျောင်းသားတွေ သပိတ်မှောက်မည်
2015.09.08

လက်ပံတန်းကျောင်းသားသပိတ်စခန်းကို အကြမ်းဖက်ဖြိုခွဲခွင်းခဲ့တဲ့ တာဝန်ရှိသူ ရဲမှူးတွေကို တန်ပြန်တရားစွဲဆိုခွင့် ပယ်ချခံရတာကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသူ ကျောင်းသားတွေက လာမယ့်တရားရုံးချိန်းတွေမှာ သပိတ်မှောက်သွားမယ်လို့ ဒီနေ့ ပြောပါတယ်။ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်တရားရုံး ဒီကနေ့ ရုံးချိန်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ ကျောင်းသား ကိုမင်းသွေးသစ်က သပိတ်စခန်းဖြိုခွင်း ခံရတဲ့ ၆ လပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပပြီးမှာ ပြောတာဖြစ်ပါတယ်။
"အမှုစစ်တာ လက်မခံတော့ဘူး၊ အဲတော့ ကျနော်တို့ တပတ်တစ်ခါရုံးထွက်ချင်မှ ထွက်ရလိမ့်မယ်၊ ကျန်းမာရေး မကောင်းတဲ့ လူတွေရှိနေတယ်၊ နောက်တချို့တွေက အာမခံတင်ထားတဲ့ပုံစံတွေ ရှိနေတာဖြစ်တဲ့အတွက် သူတို့နဲ့ကျေလည်အောင်ညှိပြီးတော့ အားလုံးကသဘောတူတယ်ဆိုရင်တော့ အဲ့လမ်းကြောင်းကိုရွေးမှာပေါ့၊ အားလုံးက သဘောထားမတိုက်ဆိုင်ခဲ့ရင်တော့ နောက်ထပ်လမ်းကြောင်းတစ်ခုကို ကျနော်တို့ပြန်ရွေးမယ်၊ အဓိကကတော့ campaign လုပ်တာဖြစ်ချင်ဖြစ်မယ်၊ ဒီဟာကို လုံးဝသပိတ်မှောက်လိုက်တာလည်း ဖြစ်ချင်ဖြစ် မယ်၊ လမ်းကြောင်းတစ်ခုခုတော့ကျမှာပါ၊ အဓိကက တရားစီရင်ရေးစနစ်ကို သပိတ်ပြန်မှောက်တာ"
ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ လက်ပံတန်းမြို့က ရဲတပ်ရင်း ၃ရင်း နဲ့ တပ်ရင်းမှူးတွေကို တရားစွဲဆိုဖို့အတွက် ကျောင်းသားကျောင်းသူ ၆၀ လောက်က စုပေါင်း လက်မှတ်ရေးထိုးပြီး သာယာဝတီခရိုင်တရားရုံးထံ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ ရုံးချိန်းမှာ လျှောက်ထားခဲ့ တာဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံ မီဒီယာရှေ့နေများကွန်ရက် က ရှေ့နေ ဦးအောင်စိုးက သူ့အနေနဲ့ ကျောင်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အစိုးရထံ တင်ပြတောင်းဆို သွားမယ်လို့ ပြောပါတယ်။
"မြန်မာနိုင်ငံ မီဒီယာရှေ့နေများကွန်ယက်ရဲ့ ဥက္ကဌပါ၊ ဒါပေမဲ့ ဆရာတို့ကွန်ရက်ကို ညှိနှိုင်းလို့ ကွန်ရက်အနေနဲ့ တင်မယ်ဆိုတင်မှာပေါ့၊ မဟုတ်ဘူးဆိုရင်တော့ ဆရာ ပုဂ္ဂလိကနဲ့ ဒီကျောင်းသားမိဘတွေနဲ့ တိုင်ပင် ပြီးတော့ နိုင်ငံတော်မှာရှိနေတဲ့ အဆင့်အမြင့်ဆုံး တရားလွှတ်တော်ချုပ်အထိ တင်ပြမယ်၊ နိုင်ငံတော်သမ္မတ အာဏာရှိနေတဲ့အချိန်မှာ ဒီဟာကိုအမြန်ဆုံး ဖြစ်နိုင်ရင်တော့ ရက်ပိုင်းအတောအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ကို ပေးလိုက်စေချင်တာပဲ"
လက်ရှိ သာယာဝတီအကျဉ်းထောင်မှာ ကျောင်းသား ကျောင်းသူ ၅၈ ယောက် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ် ပါတယ်။ အလားတူ ဒီကနေ့မှာပဲ တကသ ကျောင်းသား ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကိုလည်း ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
သပိတ်မှောက်ကျောင်းသားတွေကို တရားဥပဒေမဲ့ ရိုက်နှက်ဖမ်းဆီးမှုအတွက်တာဝန်ရှိတဲ့ ရဲအရာရှိတွေကို ပြန် တရားစွဲတာကို တရားရုံးကလက်မခံဘဲ ပယ်ချလိုက်တာနဲ့ ပတ်သက်လို့ ရှေ့နေ ဒေါ်ခင်ခင်ကျော်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။