စာမေးပွဲဖြေခွင့် ပိတ်ပင်ခံရတဲ့ ရတနာပုံနည်းပညာကျောင်း သားများ နေပြည်တော်ကိုတိုင်


2013.09.12
university-of-technology-yadanarpon-cyber-city-305.jpg ရတနာပုံ ဆိုက်ဘာစီးတီး နည်းပညာကျောင်းပုံ
photo: Internet

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ရတနာပုံဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ် မှာ ကျောင်းခေါ်ချိန်မပြည့်လို့ စာမေးပွဲဖြေဆိုခွင့်မရခဲ့တဲ့ ရာနဲ့ချီတဲ့ ကျောင်းသားတွေက စုပေါင်းလက်မှတ်ရေး ထိုးပြီး သမ္မတရုံးအပါအဝင် သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာန ကို တိုင်ကြားစာပေးပို့လိုက်ပါတယ်။

ဒီနှစ်မှာ စတင်ကျင့်သုံးခဲ့တဲ့ ဘာသာရပ် အလိုက် ကျောင်းတက်ရာခိုင်နှုန်း ၇၅ ရာခိုင်နှုန်း ပြည့်မီရမယ်ဆိုတဲ့ ပုံစံစနစ်သစ် ကို ပြန်လည်စစစ်သုံးသပ်ဖို့ တောင်းဆိုလိုကြောင်း ဘာသာရပ်နှစ်ခုမှာ ကျောင်းခေါ်ချိန်မပြည့်လို့ စာမေးပွဲဖြေဆိုခွင့်မရခဲ့တဲ့ ICT သတင်းအချက်အလကိ နည်းပညာဘာသာ ဒုတိယနှစ်ကျောင်းသူ မစုလှိုင်ဦးက ပြောပါတယ်။

သမီးက Dbar ထိတဲ့စာရင်းထဲမှာပါပါတယ်၊ အဲဒါနဲ့ မိဘတွေကတဆင့် သက်ဆိုင်ရာကနေပြီးမှ သမီးဘယ်ဘာသာနဲ့ ထိမယ်ဆိုတာကို ကြည့်ခိုင်းတယ်ပေါ့နော်၊ ကိုးဘာသာရှိတဲ့နေရာမှာ ခုနှစ်ဘာသာပြည့်တယ်၊ ကျန်တဲ့ နှစ်ဘာသာက ၇၁ ရာခိုင်နှုန်းနဲ့ ထိနေပါတယ်၊ အဲဒီနှစ်ဘာသာကြောင့် တစ်နှစ်အောက်ခံရတယ်ဆိုတော့ သမီးအတွက် အရမ်းကိုနစ်နာပါတယ်၊ တခြားကျောင်းတွေကျင့်သုံးတဲ့ နည်းစနစ်အတိုင်း ကျင့်သုံးမယ်ဆိုရင် သမီးက လွတ်လွတ်ကျွတ်ကျွတ်ကြီး ဒီစာမေးပွဲကိုဖြေလို့ရမယ်လို့ ယုံကြည်ပါတယ်”

နိုင်ငံတကာမှာကျင့်သုံးနေတဲ့ ကျောင်းခေါ်ချိန် စံနှုန်းတွေအတိုင်း ကျောင်းခေါ်ချိန်ကောက်ယူတဲ့ပုံစံကို ဒီနှစ်ကနေစပြီးတော့ ပြောင်းလဲကျင့်သုံးတာဖြစ်တယ်လို့ ရတနာပုံနည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာအောင်ဝင်းက RFA ကိုပြောပါတယ်။

ကျနော်တို့ နည်းပညာတက္ကသိုလ် ရတနာပုံဆိုက်ဘာစီးတီးမှာဆိုလို့ရှိရင် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းကို တစ်ဘာသာချင်းစီကြည့်တယ်၊ ကြည့်ရတဲ့ရည်ရွယ်ချက်ကလည်း နိုင်ငံခြားတက္ကသိုလ်တွေဆီမှာဆိုလို့ရှိရင် credit point ကို ဘာသာရပ်တစ်ခုချင်းဆီပဲတွက်တယ်၊ အဲလိုတွက်တဲ့အတွက် ဘာသာရပ်တစ်ခုချင်းဆီမှာ အဲဒီ credit point မမီလို့ရှိရင် စာမေးပွဲဖြေဆိုခွင့် မရှိဘူးပေါ့နော်၊ အဲဒီလိုပဲ ကျနော်တို့ဆီမှာလည်း ဘာသာရပ်တစ်ခုချင်းဆီ ၇၅ ရာခိုင်နှုန်းမပြည့်ရင် ဘာသာရပ်ဖြေဆိုခွင့်မပြုပါဘူး”

ဒီနှစ်ပညာသင်နှစ်မှာ စတင်ကျင့်သုံးခဲ့တဲ့ ကျောင်းခေါ်ချိန်ကောက်ယူတဲ့ပုံစံ စနစ်သစ်အရ ကျောင်းသားကျောင်းသူ ၁၇၈ ယောက်ဟာ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းမပြည့်တဲ့အတွက် စာမေးပွဲဖြေဆိုခွင့် မရခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ စာမေးပွဲဖြေခွင့်ပိတ်ခံရတဲ့ ကျောင်းသားတစ်ဦးဖြစ်သူ ကိုသက်ပိုင်မျိုးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။