ပညာရေးဥပဒေနဲ့ ကျောင်းသား ထုတောင်းဆိုချက် ကွာဟချက်တွေ ရှိ


2015.06.28
parliament-hearing-620.jpg မတ်လ ၅ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ကျောင်းသားကိုယ်စားလှယ် ကိုဇေယျာလွင် တင်ပြနေစဉ်
Photo: Myo Thant Khaing/RFA

နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးပြီး ပြဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေမှာ သပိတ်မှောက် ကျောင်း သူ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေနဲ့ ကွာဟမှုတွေ ရှိနေတာကြောင့် ကြေညာချက် ထုတ်ပြန်သွားမယ် လို့ ပြောပါတယ်။

ကျောင်းသားထုတောင်းဆိုချက်တွေ ရလာသည်အထိ ဆက်လက် တောင်းဆို သွားမယ်လို့ တက္ကသိုလ် ကျောင်းသား များသမဂ္ဂ တကသ ကျောင်း သားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုဇေယျာလွင် က ပြောပါတယ်။

"ဒီဥပဒေကို ပြန်ပြီးတော့ ကျနော်တို့လိုချင်တဲ့ဟာတစ်ခုဖြစ်အောင်ကြိုးစားဖို့ ကျနော်တို့မှာ အကန့်အသတ် အရမ်းများသွားပြီ၊ ပထမတုန်းက တစ်ကြိမ် အတည်ပြုတယ်၊ ကျနော်တို့ ဒီဥပဒေကို ကန့်ကွက်ခဲ့ကြတယ်၊ သပိတ်တွေ မှောက်ခဲ့ကြတယ်၊ ဒုတိယအခုအကြိမ် ကျနော်တို့ညှိနှိုင်းပြီးတော့ ပြန်အတည်ပြုတယ်၊ ဒုတိယ အကြိမ်ပြုပြီးသည့်တိုင်အောင် ကျနော်တို့ကျေနပ်အားရမှုမရတဲ့အတွက် နည်းပေါင်းစုံနဲ့ ဆက်ကြိုးစားသွားမယ်၊ ဘာလို့လည်းဆိုတော့ ကျနော်တို့ ကျေနပ်မှု အပြည့်အဝမရဘူး၊ ဒီည သို့မဟုတ် မနက်ဖြန်မှာ ကျနော်တို့ ရပ်တည်ချက် တစ်ခုကို ထုတ်ပြန်မယ်"

သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေက ပညာရေးအသုံးစရိတ်ကို ၂၀ ရာခိုင်နှုန်း သတ်မှတ်ဖို့ တောင်းဆို ထားရာမှာ ဥပဒေမှာပြဌာန်းထားတာက ၂၀% အထိ ရောက်ရှိရေးအတွက် ရည်မှန်းချက်ထား ဆောင်ရွက်ရမယ် လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။

ပညာရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ပြဌာန်းရာမှာ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်၊ ဆရာသမဂ္ဂ ကိုယ်စား လှယ်တွေ ပါဝင်ခွင့်ရှိဖို့ တောင်းဆိုထားရာမှာ၊ သမဂ္ဂကိုယ်စားလှယ်တွေအစား ကျောင်းသားများ က ရွေးချယ်သော ကိုယ်စားလှယ်များဆိုပြီး ပြဌာန်းထားပါတယ်။

အခု သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့အမျိုးသားပညာရေးဥပဒေမှာ ကျောင်းသားသမဂ္ဂနဲ့ ဆရာ ဆရာမများ သမဂ္ဂတွေ ဖွဲ့စည်းခွင့်ကို ခွင့်ပြုထားပြီး၊ အသွင်ကူးပြောင်းရေးကာလမှာ အကြောင်း အမျိုးမျိုးကြောင့် ပညာသင်ခွင့် နစ်နာ ဆုံးရှုံးခဲ့ရသူတွေကို ပညာဆက်လက်သင်ယူခွင့် စတဲ့ အချက်တွေကို ဥပဒေမှာ ထည့်သွင်းပြဌာန်းထားပါတယ်။

တကသ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇေယျာလွင် ကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ အမျိုးသားပညာရေးဥပဒေပါ အချက်တွေ နဲ့ပတ်သက်ပြီး NNER အဖွဲ့ဝင် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ပြင်ဆင်လိုက်တဲ့ ပညာရေးဥပဒေနဲ့ ပတ်သက်ပြီး နိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဒေါက်တာ အာကာမိုးသူကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။