အဝေးသင်တက္ကသိုလ် ကျောင်း သားများ မဲပေးနိုင်ဖို့ အခမဲ့ ပို့ဆောင်ရေး စီစဉ်


2015.11.07
sittwe-university-620.jpg ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မြို့နယ်အသီးသီးကရောက်ရှိနေတဲ့ အဝေးသင်တက္ကသိုလ် ကျောင်းသူ၊ ကျောင်း သားတွေ မဲပေးခွင့်ရရှိဖို့အတွက် မနက်ဖြန်မှာ မြို့နယ်အသီးသီးကို အခမဲ့ပို့ဆောင်ပေးသွားဖို့ စီစဉ်နေတယ်လို့ ၈၈ ရခိုင်မျိုးဆက်များလူမှုဖွံ့ဖြိုးရေးအဖွဲ့က ပြောပါတယ်။

စစ်တွေမြို့ကနေ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ် စတဲ့မြို့နယ်အသီးသီးကို အခမဲ့ပို့ဆောင်ပေးသွားဖို့ ပြင်ဆင်နေတာလို့ ၈၈ ရခိုင်မျိုးဆက်များလူမှုဖွံ့ဖြိုးရေးအဖွဲ့ဝင် ကိုတိုက်အောင်က ပြောပါတယ်။

"ကျနော်တို့ ရခိုင်ပြည်နယ်တစ်ခုလုံး ရေလမ်းရော ကုန်းလမ်းရော အဆင်ပြေသလို ကျနော်တို့ စီစဉ်ဆောင် ရွက်ပေးနေပါတယ်၊ ကျောင်းသားတွေကို နီးစပ်ရာကိုစာရင်းကောက်ဖို့အတွက် ကျနော်တို့ စာရွက်တွေဖြန့်ပေး ထားပါတယ်၊ ကျနော်တို့ ၈၈ ရခိုင်လူမှုဖွံ့ဖြိုးရေးအဖွဲ့မှာလည်း ကျနော်တို့ စာရင်းကောက်နေပါတယ်၊ မဲပေးခွင့် ရှိတဲ့လူတွေအကုန်လုံး မဲပေးခွင့်ရအောင်အတွက် ကျနော်တို့ အဆင်ပြေအောင်စီစဉ်ပေးတာပါ၊ သူတို့စိတ်ကြိုက် ကြိုက်တဲ့ပါတီကို ပေးလို့ရပါတယ်၊ ကျနော်တို့က အဲ့ဒီလို စီစဉ်ဆောင်ရွက်ပေးတာပါ"

မြောက်ဦး၊ ကျောက်တော် စတဲ့မြို့နယ်တွေကို မော်တော်ကားတွေနဲ့ ပို့ဆောင်ပေးသွားမှာဖြစ်သလို အခြားမြို့နယ်တွေကို ရွှေပြည်တန်အမြန်ရေယာဉ်နဲ့ ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

အခုလို အဝေးသင်တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေအတွက် အခမဲ့ပို့ဆောင်ပေးမယ့် အစီအစဉ်ကို ရခိုင်အမျိုးသားပါတီ(ANP)က ဆောင်ရွက်ဖို့ စီစဉ်ခဲ့ပေမယ့်  မဲဆွယ်စည်းရုံးရေးကာလ ပြီးဆုံးသွားပြီဖြစ် တာကြောင့် ၈၈ ရခိုင်မျိုးဆက်များလူမှုဖွံ့ဖြိုးရေးအဖွဲ့က ဦးဆောင်ပြီးစီစဉ်တာလို့ သိရပါတယ်။

လာမယ့် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အနီးကပ်သင်တန်းတွေ စတင်ဖွင့်လှစ်မှာဖြစ်ပေမယ့်   ကျောင်းသူ ၊ ကျောင်းသားတွေဟာ ပြီးခဲ့တဲ့လကတည်းက ကျူရှင်တွေသင်ကြားဖို့ စစ်တွေမြို့ကို ကြိုတင်ရောက်ရှိနေ ကြတာမို့  နိုဝင်ဘာလ ၈ ရက်နေ့မှာ နေရပ်အသီးသီးကိုပြန်ပြီး မဲထည့်ဖို့ အခက်အခဲဖြစ်နေကြရတာလည်း ရှိနေပါတယ်၊

၈၈ ရခိုင်မျိုးဆက်များလူမှုဖွံ့ဖြိုးရေးအဖွဲ့အနေနဲ့ ရွေးကောက်ပွဲကျင်းပအပြီး နိုဝင်ဘာလ ၉ ရက်နေ့မှာ ကျောင်းသူ ၊ ကျောင်းသားတွေကို အဲ့ဒီမြို့နယ်အသီးသီးကနေ စစ်တွေမြို့ကို အခမဲ့ပြန်လည်ပို့ဆောင် ပေးမှာဖြစ်တယ် လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။