ပညာရေးမူကြမ်း လွှတ်တော်တင်ဖို့ အစိုးရသဘောတူ
2015.02.15

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့အတွက် ရန်ကုန် မြို့မှာ မနေ့က ကျင်းပတဲ့ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲ ကနေ ကျောင်းသားနဲ့ NNER ပညာရေးကွန်ရက်တို့ ပူးပေါင်းရေးဆွဲထားတဲ့မူကြမ်းကို လွှတ်တော်တင်ပြဖို့ အစိုးရဘက်က သဘောတူလိုက်တယ်လို့ ကျောင်းသား ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့ ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က RFA ကိုပြောပါတယ်။
"ဒီနေ့သူတို့တင်ထားတဲ့ ဥပဒေကြမ်းမှာ အမျိုးသား ပညာရေးကော်မရှင်ကို ဖြုတ်လိုက်တယ်၊ ဘာနဲ့ အစားထိုးလိုက်လဲဆိုတော့ အစိုးရနဲ့အစားထိုး လိုက်တယ်၊ အဲ့ဒီတော့ အမျိုးသားပညာရေးကော် မရှင်ရဲ့ ဗဟိုချုပ်ကိုင်မှုကနေ အစိုးရရဲ့ဗဟိုချုပ်ကိုင် မှုထပ်ဖြစ်သွားတယ်၊ ကျမတို့က အဲ့လိုမျိုးဆွေးနွေး ရသေးတယ်၊ အစိုးရဘက်ကနေပြီးတော့ မဆွေးနွေးတော့ဘူး၊ NNER ကပြင်ဆင်ချက်ကိုတော့ အစိုးရ ဘက်ကပြင်ဆင်ချက်ဆိုတော့ လွှတ်တော်ကိုတစ်ခုလုံးတင်မယ် ဆိုပြီးတော့ပြောလာတယ်၊ ကျမတို့က အစကတည်းက သဘောတူတဲ့ဲ့အထဲမှာ လေးပွင့်ဆိုင်ဆွေးနွေးပွဲကနေ မူကြမ်းတစ်ခုရေးဆွဲပြီး တင်မယ် လို့ပဲပါတယ်၊ ကျေကျေလည်လည် တစ်ခုဖြစ်အောင် ကျမတို့ ဆွေးနွေးဖို့လိုတယ်ဆိုတော့ အစိုးရဘက်က ဒါအချိန်မလောက်ဘူးပေါ့နော်၊ အဲ့ဒီတော့ ကျမတို့ဘက်ကလည်း တစ်ခုပဲပြင်ဆင်တာ ပိုပြီးတော့ သင့်တော်လိမ့်မယ်လို့ ပြောတဲ့အခါကျတော့ NNER အမှုကိုပဲတင်မှာဆိုပြီးတော့ အစိုးရဘက်က သဘောတူတယ်ဆိုရင် အစိုးရကတဆင့် တင်ပေးမယ်ဆိုပြီးတော့ပြောတယ်၊ ကျမတို့ကလည်း ဒါဆိုလို့ရှိရင်တော့ လေးပွင့်ဆိုင်ဆွေးနွေးပွဲက ဒီလိုတင်တာကို သဘောတူတယ်ဆိုတာကိုတော့ အာမခံချက်ပေးရလိမ့်မယ်လို့ ကျမတို့ကလည်းပြောတယ်၊ ဒါကို အစိုးရခံချက်ပေးပြီပေါ့နော်"
အစိုးရ၊ လွှတ်တော်၊ NNER နဲ့ ကျောင်းသား ၄ ဖွဲ့စလုံးက အခုလို သဘောတူလိုက်တဲ့အတွက် အဲ့ဒီမူကြမ်းကို ဥပဒေဆိုင်ရာ ဝေါဟာရတွေနဲ့အချောသတ်ရေးဖို့ ဒီနေ့ ဆက်လက် ဆွေးနွေးကြမှာဖြစ်ပါတယ်။
မနက်ဖြန် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာတော့ အချောသတ်ရေးထားတဲ့ ဥပဒေမူကြမ်းကို လွှတ်တော်မှာတင်သွင်း မယ်လို့ သိရပါတယ်။
ဒီအတောအတွင်း ဗကသများအဖွဲ့ချုပ်ဦးဆောင်တဲ့ မန္တလေး-ရန်ကုန် ပင်မစစ်ကြောင်းဟာ မနေ့က ကြို့ပင်ကောက် မြို့ကို ရောက်သွားပြီး ဒီနေ့မနက်မှာ အုတ်ဖိုမြို့ကို ဆက်လက်ချီတက်ကြမယ်လို့ ကျောင်းသားတွေကပြောပါတယ်။
တကသအဖွဲ့က ဦးဆောင်တဲ့ ပခုက္ကူ၊ မုံရွာ၊ မော်လမြိုင်နဲ့ ထားဝယ်သပိတ်စစ်ကြောင်းကတော့ ဆွေးနွေးပွဲ ကျင်းပနေတဲ့ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့မှာ ပဲခူးမြို့ကနေစောင့်ကြည့်နေတယ်လို့ မုံရွာ တကသခေါင်းဆောင် ကိုဝေမိုးနိုင်က RFA ကိုပြောပါတယ်။
"တွေ့ဆုံဆွေးနွေးပွဲ နောက်တစ်ရက်ထပ်ဆက်မှာ ဖြစ်တဲ့အတွက် ကျနော်တို့သပိတ်စစ်ကြောင်း ကို ဆွေးနွေးပွဲမပြီးမချင်း ပဲခူးမှာပဲနေပြီး ထပ်ပြီးတပ်စွဲထားဦးမှာပါခင်ဗျ၊ သပိတ်စစ်ကြောင်းတွေ အခြေအနေက အေးဆေးပါချင်ဗျ၊ မနက်ပိုင်းကတော့ မြို့နယ်အုပ်ချုပ်ရေးမှူရယ်၊ ခရိုင်အုပ်ချုပ်ရေး မှူးရယ်လာတယ်၊ လာပြီးတော့ ကျနော်တို့ ဘာလိုအပ်သလဲ၊ ဘာအစီအစဉ်တွေ ဆက်လုပ်ဖို့ရှိလဲ ဆိုပြီးတော့ သူတို့လာပြီးတော့ မေးတယ်ပေါ့နော်၊ ကျနော်တို့နေတဲ့ ဘုန်းကြီးကျောင်းတဝိုက်ကိုလည်း အရပ်ဝတ်တွေနဲ့ စောင့်ကြည့်တဲ့လူတွေတော့ အများကြီးရှိတယ်"
ဧရာဝတီတိုင်း သပိတ်စစ်ကြောင်းက ကျိုက်လတ်မြို့ကနေ၊ ဖျာပုံမြို့ကို မနေ့ကရောက်သွားပြီး လူထုကတခဲနက် ကြိုဆိုကြသလို၊ ဒေးဒရဲကို ဒီကနေ့ ဆက်လက်ချီတက်မယ်လို့ သပိတ်ဝန်းရံရေး ကော်မတီဝင် ကိုအောင်အောင်ကျော် က ပြောပါတယ်။
"ကျနော်တို့ ဖျာပုံမြို့ကိုရောက်နေပါပြီ၊ လူတွေက ခါတိုင်းထက်တောင်ပိုများလာတယ်၊ ဘာဖြစ်လို့ လဲဆိုတော့ ဒီနေ့ရဲ့ရလဒ်နဲ့ မနက်ဖြန်ရဲ့ရလဒ်ကို စောင့်ဖို့အတွက် ဒီနေ့ဆိုရင် ဒါဖျာပုံမြို့မှာ ဧရာဝတီတိုင်းတစ်တိုင်းလုံးကနေပြီးတော့ အားပေးကူညီတဲ့လူတွေ၊ ကားတွေရောအများ ကြီး ရောက်နေကြပါတယ်၊ ကျနော်တို့ ဒီနေ့ ဒေးဒရဲမြို့ကို စထွက်မှာပါ"
ဒီအတောအတွင်းမှာပဲ ရန်ကုန်မြို့က ကျောင်းသားတွေ၊ လူမှုရေးအဖွဲ့တွေနဲ့ ပြည်သူတွေက အမျိုးသားပညာရေး ဥပဒေ ကန့်ကွက်နေတဲ့ သပိတ်စစ်ကြောင်းအားလုံးကို ထောက်ခံကြိုဆိုတဲ့ လှုပ်ရှားမှုကိုပြီးခဲ့တဲ့ တနင်္ဂနွေကလိုပဲ ဒီနေ့ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
အဲ့ဒီချီတက်ပွဲကို မနက် ၁၁ နာရီမှာ သမိုင်းလမ်းဆုံကနေစတင်မယ်လို့ ဗကသများအဖွဲ့ချုပ်က ကိုလင်းထက်နိုင်က RFA ကိုပြောပါတယ်။
"'ဒီနေ့ ကျောင်းသားသပိတ်အားလုံးကို ထောက်ခံတဲ့လူထုလှုပ်ရှားမှု ရန်ကုန်မှာ လုပ်ဖို့ရှိပါတယ်၊ အဲ့အတွက်ကို ကျနော်တို့ သမိုင်းလမ်းဆုံကနေပြီးတော့ စတင်ပြီးတော့ ၁၁ နာရီမှာ ချီတက်ပါမယ်၊ အရပ်ဖက်အဖွဲ့အစည်းတွေပါမယ်၊ ရန်ကုန်မှာ အကြောင်းအမျိုးမျိုးကြောင့် သပိတ်ကိုသွားရောက် ပူးပေါင်းနိုင်ခြင်းမရှိတဲ့ တက္ကသိုလ် ကျောင်းသားသမဂ္ဂတွေပါမယ်၊ အထူးသဖြင့် ရန်ကုန်တောင်ပိုင်း ခရိုင် ကျောင်းသားသမဂ္ဂရယ်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ကျောင်းသားသမဂ္ဂရယ်၊ နောက် အလုပ်သမား အရေးလှုပ်ရှားသူတွေ၊ လယ်သမားအရေးလှုပ်ရှားသူတွေနဲ့ တခြားနိုင်ငံရေးအကျဉ်းသားဟောင်းတွေ အားလုံးနီးပါး ပါဝင်ဖို့ရှိပါတယ်၊ နောက်တော့ ပြည်သူလူထုပေါ့ ပါဝင်မှာပေါ့"
သပိတ်စစ်ကြောင်းတွေ ရန်ကုန်မြို့ထဲဝင်ရောက်လာမှာကို အစိုးရက တားဆီးဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေလည်း တပြိုင်နက်မှာ ထွက်ပေါ်နေပါတယ်။