ကျောင်းသားတွေတိုင်တန်းချက် ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကော်မရှင် နဲ့ဆွေးနွေး
2015.08.04

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားကျောင်းသူတွေက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဆီ တိုင်ကြားထားတာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီနဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ရန်ကုန်မြို့က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ ဒီကနေ့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်က ပြောပါတယ်။
"သာယာဝတီထောင်ကိုသွားပြီးတော့ ကျနော်တို့စစ်ဆေးတယ်ဆိုတဲ့အကြောင်း ပြောပြတာပါ၊ သူလည်း မနက်ဖြန်သွားမယ်လို့ပြောတယ်၊ ကျောင်းသား ၁၈ ယောက်တိုင်စာထဲက ၁၃ ယောက် စစ်ဆေးတယ် ဆိုတဲ့အကြောင်း ပြောတယ်လေ၊ ဟိုမှာကျတော့ သူတို့ကထောင်ဝင်စာ အပိတ်ခံရတဲ့ကိစ္စလေးတွေ၊ ထောင်ထဲက ထမင်းစားမရတာတွေ အများစုက စားလို့ရတယ်တော့ပြောတာပေါ့၊ ဒါပေမဲ့ သူတို့တိုင်စာထဲမှာ စားလို့မရဘူး လို့ပြောပါတယ်၊ သူကကျနော်တို့ ဘာဆက်လုပ်သွားမလဲဆိုတာမေးတော့ ဆက်ပြီးတော့ တဖက်အဖွဲ့အစည်းကို စစ်ဆေးဖို့ရှိတယ်ဆိုတာကတော့ ကျနော်တို့ပြောလိုက်တယ်"
ပြီးခဲ့တဲ့ဇူလိုင်လ ၈ ရက်နေ့က သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားတွေက ထောင်ထဲမှာ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေနဲ့ ပတ်သက်ပြီး တိုင်ကြားထားတဲ့ အချက်အလက်တွေကို မစ္စရန်ဟီးလီထံ တင်ပြခဲ့တယ်လို့ ပြောပါတယ်။ မစ္စ ရန်ဟီးလီဟာ မနက်ဖြန် သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက်ကျောင်းသားတွေနဲ့လည်း သွားရောက်တွေ့ဆုံမယ်လို့ သိရပါတယ်။
လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို အစီရင်ခံစာတင်ဖို့အတွက် သြဂုတ်လ ၂ ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပြီး လာမယ့် သြဂုတ်လ ၇ ရက်နေ့အထိ ၆ ရက်ကြာနေထိုင်မှာ ဖြစ်ပါတယ်။