ကျောင်းသားတွေ ရဲ့ရှေ့နေ ဒေါ်ခင်ခင်ကျော်ကို တရားစွဲဆို
2015.09.15

ကျောင်းသားသပိတ်ကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုမှာတာဝန်ရှိတဲ့ရဲမှူးတွေကို တရားစွဲဖို့ လျှောက်ထားခဲ့ တဲ့ ရှေ့နေဒေါ်ခင်ခင်ကျော်ကို ဝတ္တရားနှောင့်ယှက်မှုနဲ့ သာယာဝတီခရိုင် တရားရုံးကပြန်ပြီး တရားစွဲဆိုလိုက်ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ ရုံးချိန်းမှာ လျှောက်လွှာပြင်ဆင်ချက်နဲ့ ပတ်သက်ပြီး မြို့နယ်တရားသူကြီး နဲ့ ရှေ့နေဒေါ်ခင်ခင်ကျော် တို့ အချေအတင်အငြင်းအခုံဖြစ်ခဲ့တာကြောင့် အခုလိုတရားစွဲခံရတာလို့ ယူဆတဲ့ အကြောင်း ဒေါ်ခင်ခင်ကျော်က RFA ကိုပြောပါတယ်။
"ကျမက ဒုရဲမှူး နန္ဒာဝင်းနဲ့ ဒုရဲမှူးကြီး နန္ဒာဝင်း ဆိုပြီး ရာထူးလေးမှားသွားတာတော့ ကျမသိတယ်၊ အဲ့အပေါ်မှာ ကျမရုံးတော်ကို တင်ပြတယ်လေ၊ ပြင်ဆင်လျှောက်လွှာကို ရုံးတော်က လက်ခံချင်းမရှိဘူး၊ နှုတ်နဲ့လျှောက်လွှဲခွင့် ကိုလည်း မပေးဘဲနဲ့ ကျမကိုလျှောက်လွှာပြန်ပေးတယ်၊ အဲ့အပေါ်မှာ ကျမနဲ့ ရုံးနဲ့ အငြင်းပွားမှုဖြစ်ပွားခဲ့တယ်၊ အဲ့အပေါ်မှာအခြေခံပြီး စွဲတယ်လို့တော့ ကျမယူဆတယ်၊ ဒါပေမဲ့ ဘာအကြောင်းနဲ့ စွဲတယ်ဆိုတာက ၂၁ ရက်နေ့ ရုံးချိန်းကျမှသိရမယ်"
သာယာဝတီအကျဉ်းထောင်ထဲမှာ ကျောင်းသားနဲ့ ဝန်းရံပြည်သူ ၅၄ ယောက်ရှိပြီး၊ အာမခံရလို့ ပြင်ပကနေ တရားရင်ဆိုင်နေရတဲ့ ကျောင်းသားအယောက် ၂၀ ကျော်ရှိပါတယ်။ ဒေါ်ခင်ခင်ကျော်ဟာ အဲဒီကျောင်းသားတွေထဲက တချို့အတွက် အမှုလိုက်ပေးနေသူဖြစ်ပါတယ်။ ကျောင်းသားတွေကို ဒီနေ့ရုံးထုတ်ခဲ့ပေမယ့် အမှုစစ်ဆေးတာတော့ မရှိဘူးလို့ သိရပါတယ်။ စပြီးဖမ်းဆီးခဲ့တဲ့ မတ်လကနေ အခုချိန်ထိ အစိုးရတရားလိုဖြစ်တဲ့ လက်ပံတန်းမြို့နယ် ရဲမှူးဖုန်းမြင့်ကိုပဲ စစ်ဆေးနေတာ မပြီးသေးပဲ ၆ လကြာနေပြီဖြစ်ပါတယ်။
ဒီအတောအတွင်းမှာပဲ မန္တလေးထောင်မှာဖမ်းထားတဲ့ ရတနာပုံတက္ကသိုလ်က ကျောင်းသား ၄ ယောက်ကို စာမေးပွဲဖြေခွင့်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ တိုက်တွန်းချက်ကို တရားရုံးက ဒီနေ့ပယ်ချလိုက်ပါတယ်။
ရှေ့နေ ဒေါ်ခင်ခင်ကျော်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ် မေးမြန်းထားတာနားဆင်နိုင်ပါတယ်။