ကျောင်းသားတွေကို နိုင်ငံရေးပါဝင်မှု တားမြစ်ထားချက် ဖျက်သိမ်း
2017.08.09

ဆန္ဒပြရာမှာ ပါဝင်တဲ့ ကျောင်းသား ကျောင်းသူတွေကို ကျောင်းထုတ်နိုင်အောင် ပြဌာန်းထားတဲ့ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်ပါ နိုင်ငံရေး ဆူပူမှုဆိုင်ရာပြစ်မှုတွေကို လက်ရှိပညာသင်နှစ်ကစပြီး ပညာရေးဝန်ကြီးဌာနက ပယ်ဖျက်လိုက်ပါတယ်။
ခေတ်နဲ့ မညီတော့တဲ့အတွက် အဲဒီလို ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲ က ပြောပါတယ်။
အရင်က နှစ်စဉ်ထုတ်ပြန်နေတဲ့ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်ထဲမှာ နိုင်ငံရေးဆိုင်ရာပြစ်မှုများ ဆိုတဲ့ ခေါင်းစဉ်အောက်က အချက် ၆ ချက် ကို ဖောက်ဖျက်တာမလုပ်ဖို့ အသိပေးဖော်ပြထားတာ ဖြစ်ပါတယ်။
အဲဒီ နိုင်ငံရေးဆိုင်ရာပြစ်မှုများ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆူပူလှုပ်ရှားမှုမှာ ပါဝင်ပြီး ပြစ်မှုပြစ်ဒဏ်ခံရခြင်း၊ ခေါင်းဆောင်အဖြစ်ပါဝင်ခြင်း၊ ဆူပူလှုပ်ရှားမှုဖြစ်ပေါ်အောင်လှုံ့ဆော်ခြင်း၊ လှုံ့ဆော်မှုကို အားပေးခြင်း၊ ကိုယ်တိုင် ပါဝင်ခြင်း၊ ဆူပူလှုပ်ရှားမှုမှာ နောက်လိုက်အဖြစ်ပါဝင်ခြင်းစတဲ့ အချက်တွေပါဝင်ပြီး အဲဒါတွေကို ကျူးလွန်သူတွေကို ကျောင်းကနေ ထုတ်ပယ်ပြီး အရေးယူခဲ့တာဖြစ်ပါတယ်။
အဲဒီအချက်ကို မပယ်ဖျက်ခင် အခုနှစ် ဧပြီလအတွင်းက စစ်ကိုင်းပညာရေး ကောလိပ်ရဲ့ ကျောင်းအုပ်ချုပ်မှုစနစ်ကို ဆန္ဒပြတဲ့အတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဇော်ရဲထွဋ် ကို နိုင်ငံရေးဆိုင်ရာ ပြစ်မှုအရ ကျောင်းကထုတ်ပယ်ခဲ့ပါတယ်။ အဲဒီနောက် အဆင့်ဆင့် ပြန်လည်ညှိနှိုင်းပြီးမှသာ ကျောင်းပြန်တက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။