ရန်ကုန်မှာ ကျောင်းသားတွေ ဆက်လက်သပိတ်မှောက်ဆန္ဒပြ


2014.11.15
education-bill-protest-hledan-305.jpg ရန်ကုန်မြို့ လှည်းတန်းတံတားအောက်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် တဲ့ ကျောင်းသားတွေ ဆန္ဒပြကြစဉ်
Photo: Kyaw Htoon Naing/RFA

ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဌာန်းခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေကို ဒီနေ့ ကျောင်း သား ကျောင်းသူ ၃၀၀ ကျော်လောက်က ရန်ကုန်မြို့မှာ ဆက်လက်သပိတ်မှောက် ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြကျောင်းသားတွေဟာ သမိုင်းလမ်းဆုံကနေ လှည်းတန်းလမ်းဆုံအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး ရန်ကုန်တက္ကသိုလ်ထဲကို သွားရောက်ခဲ့ရာ မှာတော့ ကျောင်းအာဏာပိုင်တွေက တားဆီးမှုတွေရှိ ခဲ့ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုပိုင်ရဲသူက RFA ကို ပြောပါတယ်။

"ဆန္ဒပြလမ်းကြောင်းအဖြစ် ဒီနေ့ သမိုင်းလမ်းဆုံကနေ စထွက်ပြီးတော့ လှည်းတန်းမှာ သပိတ်စခန်းမထိုင်ခင် တက္ကသိုလ်ထဲမှာသွားပြီးတော့ အမိရန်ကုန်တက္ကသိုလ် ရဲ့ ရင်ငွေ့ကို ခိုလှုံမယ်ဆိုပြီး ရန်ကုန်တက္ကသိုလ်ကို သွားခဲ့တယ်၊ တက္ကသိုလ်အာဏာပိုင်က ကျနော်တို့ကို ထိပ်ဝမှာပိတ်ပြီးတော့ ဒီထဲကိုပေးမဝင်ဘူး၊ ခွင့်မပြုဘူး လို့ပြောတယ်၊ ညှိနှိုင်းတယ်၊ ညှိနှိုင်းလို့အဆင်မပြေဘူး တံခါးကိုကျော်ဝင်ပြီးတော့ ကျနော်တို့ရဲ့ သမဂ္ဂမြက်ခင်းပြင် ကိုဝင်ပြီးတော့ ဗိုလ်အောင်ကျော်အုတ်ဂူရယ်၊ ၇ ဇူလိုင်မှာကျဆုံးသွားတဲ့ ရဲဘော်တွေရယ်၊ ကျောင်းသားသမဂ္ဂတွေ ရဲ့ ကတိသစ္စာကိုပြုခဲ့ကြတယ်"

ဆန္ဒပြသူတွေဟာ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းဖွင့်ရရှိဖို့၊ ဒီမိုကရေစီ ပညာရေးရရှိဖို့နဲ့ အမျိုးသားပညာရေး ဥပဒေကို အလိုမရှိကြောင်း ကြွေးကြော်သံတွေနဲ့ တောင်းဆိုခဲ့ကြပါတယ်။

နာရေးကူညီမှုအသင်း (ရန်ကုန်)မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေက ကျင်းပခဲ့တဲ့ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကနေ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတိုင်း အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက် ဆန္ဒပြနေတာဖြစ်ပါတယ်။

ဆန္ဒပြကျောင်းသားတွေဟာ မနေ့ကလည်း ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာလည်း မနေ့က ဆန္ဒပြခဲ့ကြသလို မနက်ဖြန် မနက် ၁၀ နာရီမှာ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် ကြေးသွန်းဘုရားရှေ့ကနေစတင်ပြီး လမ်းလျှောက် ဆန္ဒပြကြမယ်လို့ ပြောပါတယ်။

ဒီဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။