၂ လအတွင်း အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ပေးဖို့ ဆန္ဒပြကျောင်း သားတွေ တောင်းဆို
2014.11.17

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့အတွက် အစိုးရဖက်က ၂ လအတွင်း တစုံတရာ အရေး ယူဆောင်ရွက်ပေးမှုမရှိရင် တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ဆန္ဒပြတောင်းဆိုသွားမယ်လို့ သပိတ်မှောက်ကျောင်းသူ ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှား မှုကော်မတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှုကော်မတီဝင် မဖြိုးဖြိုးအောင်က အခုလို ပြောပါတယ်။
"သပိတ်တိုက်ပွဲကို အခုလက်ရှိ အစိုးရဖက်က တိတိကျကျအာဏာရှိတဲ့ တကယ်လုပ်ပိုင်ခွင့်ရှိတဲ့ သူတွေဖက်က အာမခံချက်တစ်ခုခုနဲ့ ကျမတို့ကို တုန့်ပြန်မှုတစ်ခုခုမျိုး ကျမတို့မတွေ့ရဘူး၊ ဒီအနေအထားကို မကျေနပ်ဘူး၊ ကျမတို့ အစိုးရကို ရက်ပေါင်း ၆ဝ အချိန်ပေးတယ်၊ ရက်ပေါင်း ၆ဝ အတွင်းမှာ ကျမတို့ိကို ဒီပညာရေးဥပဒေနဲ့ ပတ်သက်ပြီးတော့ တစုံတရာဆွေးနွေးမှု၊ တစုံတရာတုန့်ပြန်မှု ပြုလုပ်ပေးဖို့ပေါ့နော်၊ အဲ့လိုမျိုးသူတို့ဖက်က မပြုလုပ်ဘူးဆိုရင် ကျမတို့က ဒီ့ထက် ပိုပြီး ပြင်းထန်တဲ့ပုံစံမျိုးတွေနဲ့ ဖိအားပေးမယ်၊ လှုပ်ရှားမှုကြီးကြီးမားမား တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ပြုလုပ်ဖို့ရှိပါတယ်ရှင့်"
ဒီနေ့ ရန်ကုန်မြို့ စံပြရုပ်ရှင်ရုံနားကနေ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ကြပြီး အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။
တက္ကသိုလ်ကျောင်းပေါင်းစုံက ကျောင်းသူ ကျောင်းသား ၃၀၀ လောက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ကစပြီး ရန်ကုန်မြို့တဝိုက်မှာ လွှတ်တော်က အတည်ပြုလိုက်ပြီးဖြစ်တဲ့ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်ပေး ဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
အဲဒီလို သပိတ်မှောက် ဆန္ဒပြဖို့ကို နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကနေ ဆုံးဖြတ်လိုက် တာ ဖြစ်ပါတယ်။
ဒီကနေ့ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဗကသအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ကိုကျော်ကိုကို ကို မသင်းသီရိက ဆက်သွယ်မေးမြန်း ထားတာကိုလည်း နားဆင်နိုင်ပါတယ်။
ဒီနေ့ လေးရက်မြောက်နေ့မှာ ကျောင်းသားတွေနဲ့အတူ ပါတီအဖွဲ့တွေ လူမှုကွန်ရက်အဖွဲ့အစည်းတွေလည်း ဆန္ဒပြပွဲမှာ ပါဝင်လာတာ တေ့ွရပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားပါတယ်။