အကြမ်းဖက်နှိမ်နင်းမှာ ကို ကျောင်းသားတွေ စိုးရိမ်
2015.02.06

ကျောင်းသားတွေရဲ့ သပိတ်မှောက်ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ သမ္မတရုံးက မနေ့ကရက်စွဲ နဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
ကျောင်းသားတွေရဲ့ ပညာရေးဆိုင်ရာဆန္ဒတွေကို အစိုးရအဖွဲ့က လွှတ်တော်ကိုတင်ပြပြီး၊ ဆောင်ရွက်ပေး နိုင်တာကို ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း၊ ပညာရေးကိစ္စကိုအကြောင်းပြပြီး ဆူပူအောင် ကျောင်းသား အမည်ခံတွေ၊ နောက်ကွယ် ကကြိုးကိုင်နေသူတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ က ကျောင်းသားတွေကို အသုံးချနေတဲ့အကြောင်းနဲ့ တိုင်းပြည်တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ရဟန်းရှင်လူပြည်သူတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူမျိုးစုခေါင်းဆောင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက အစိုးရနဲ့ပူးပေါင်းစေလိုတဲ့အကြောင်း ဖေါ်ပြထားပါတယ်။
အခုလိုရေးသားထားချက်အရ အကြမ်းဖက်နှိမ်နင်းခံ ရမယ့်အရေးကို စိုးရိမ်မိတယ်လို့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုနန္ဒာစစ်အောင် ကပြောပါတယ်။
ဒါ့အပြင် အစိုးရရဲ့ကြေညာချက်ကြောင့် ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ထိခိုက်စေနိုင်တယ်လို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုပိုင်ရဲသူကလဲ ပြောပါတယ်။
"ကျနော်တို့ကို ဆူပူမှုလုပ်နေတဲ့လူတွေလို့ မြင်တာပေါ့၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲ သွားနေတဲ့အချိန်မှာ အဲ့လို ကြေညာချက်ထုတ်တာ မကောင်းဘူးပေါ့နော်"
ဒီမိုကရေစီပညာရေးနဲ့ တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးပြန်ကျင်းပနိုင်ဖို့အတွက် သပိတ်ကိုလှန်မှာမဟုတ် သလို၊ ဖြစ်လာသမျှကိုရင်ဆိုင်ဖို့လည်း အသင့်ပြင်ထားကြတယ်လို့ ကျောင်းသားတွေကပြောပါတယ်။