ပုသိမ်ကြီးမှာ မြေသိမ်းခံတောင် သူလေးဦး တရားစွဲခံရ


2015.09.28
patheingyi-farmers-620.jpg ရေတံခွန်တောင် ဂေါက်ကွင်းစီမံကိန်း တည်ဆောက်ဖို့ ရေကြည်ညောင်ပင်စံပြကျေးရွာကနေ သိမ်းယူခဲ့တဲ့မြေတွေအပေါ်မှာ စက်တင်ဘာလ ၂၅ ရက်နေ့က တောင်သူတွေ ထွန်ယက်ကြစဉ်
Photo: Nay Thwae/RFA

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ရေကြည်ညောင်ပင်စံပြကျေးရွာမှာ ရေတံခွန်တောင်ဂေါက်ကွင်း စီမံကိန်းမြေနေရာမှာ ဝင်ရောက်ထွန်ယက်ခဲ့သူ ၄ ဦးကို ဂေါက်ကွင်းတာဝန်ခံက ပိုင်နက်ကျူးလွန်မှု၊ အားပေး ကူညီမှုတို့နဲ့ တရားစွဲလိုက်ပါတယ်။

ဂေါက်ကွင်းတာဝန်ခံက ပုသိမ်ကြီးမြို့နယ်ရဲစခန်းမှာ တရားစွဲထားတာဖြစ်ပြီး ခံဝန်လက်မှတ်နဲ့ အာမခံရရှိထားတယ် လို့ တရားစွဲခံရတဲ့သူတွေထဲမှာပါတဲ့ လယ်သမားအရေးကူညီဆောင်ရွက်ပေးနေသူ ဦးမျိုးဝင်းဝင်းက ပြောပါတယ်။

"သူတို့စွဲတာက တာဝန်ခံ ဦးဝင်းနိုင် ကနေပြီးတော့ ကျနော်၊ မျိုးဝင်း အပါအဝင် ဦးမြင့်အောင်၊ ဒေါ်ငွေ၊ ဦးဖေဦး ဆိုပြီးတော့မှ လေးဦးကိုစွဲတာပေါ့၊ ဒီနေ့စခန်းကို မခေါ်ဘဲနဲ့ ထွန်တုံးတိုက်ပွဲလုပ်နေတဲ့ တောင်သူတွေကြား ထဲမှာပဲ လာပြီးတော့ အဖမ်းပြပြီးတော့ ကိုယ်တိုင်ခံဝန်လက်မှတ်လာထိုးတယ်၊ စခန်းမှူးအပါအဝင်ပေါ့၊ ဒေါ်ငွေ ဆိုတာက ထွန်တုံးတိုက်ပွဲလုပ်တဲ့နေ့မှာ လာလည်းမလာဘူး၊ ပါလည်းမပါဘူး၊ အဲ့ဒါကိုပြောပြတဲ့အခါ ကျတော့ ဒေါ်ငွေ ကိုနုတ်ပေးပါမည်ဆိုပြီး ကျနော်တို့သုံးဦးကို ခံဝန်လက်မှတ်ထိုးသွားတယ်"

လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်ကစပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးဌာနက ရေတံခွန်တောင် ဂေါက်ကွင်းစီမံကိန်း အတွက် ရေကြည်ညောင်ပင်စံပြကျေးရွာက တောင်သူ ၇ဝ ပိုင်ဆိုင်တဲ့ ယာမြေဧက ၆ဝဝ ကို လျော်ကြေးမပေးပဲ သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဧက ၃ဝဝ ကို ဂေါက်ကွင်းပြုလုပ်ခဲ့ပြီး ကျန်တဲ့ ဧက ၃ဝဝ ကိုတော့ ဖွံ့ဖြိုးသစ်ကုမ္ပဏီကို နှစ် ၃ဝ စီမံကိန်းနဲ့ ငှားရမ်းထားတယ်လို့ တောင်သူတွေက ပြောပါတယ်။

သိမ်းဆည်းခံထားရတဲ့ မြေနေရာတွေအတွက် လျော်ကြေးပေးဖို့နဲ့ ဂေါက်ကွင်းနေရာမလုပ်ပဲ ပိုလျှံနေတဲ့ ဧက ၃ဝဝ ကို ပြန်ပေးဖို့ စည်ပင်သာယာရေးကော်မတီနဲ့ ညှိနှိုင်းဖို့ တောင်သူတွေက စီစဉ်ခဲ့ပေမယ့် စည်ပင်ဘက်က ပျက်ကွက်ခဲ့တာကြောင့် တောင်သူတွေက မြေနေရာတွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က စတင် ထွန်ယက်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။