လက်ပံတန်း ရဲအရာရှိတွေကို အရေးယူဖို့ တိုင်ကြား
2015.07.28

လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းကို ဖြိုခွင်းခဲ့တဲ့ လက်ပံတန်းမြို့နယ်ရဲမှူး ဖုန်းမြင့်နဲ့ စခန်းမှူး ဒုရဲမှူး စန်းမြင့်တို့ကို မတရားဖမ်းဆီးချုပ်နှောင်မှုနဲ့ အရေးယူပေးဖို့ ကျောင်းသူ ကျောင်းသားတွေရဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က သာယာဝတီခရိုင်တရားရုံးထံ ဒီနေ့ တိုင်ကြားလိုက်ပါတယ်။
တရားရုံးရဲ့ ခွင့်ပြုချက် ရမာန်အမိန့်မပါပဲ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို ရဲတပ်ဖွဲ့က အကျဉ်းထောင်ထံ ပို့ဆောင်ခဲ့တာကြောင့် အရေးယူပေးဖို့ တိုင်ကြားတာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
"ကျောင်းသားနဲ့ ဝန်းရံပြည်သူတွေကို မတ်လ ၁ဝ ရက်နေ့မှာ စဖမ်းတယ်၊ အမှုနဲ့ဖမ်းပြီး အမှုမဖွင့်ဘဲ နဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၄ အရ ချုပ်နှောင်ထားပြီးတော့ နောက်တစ်ရက်မှာ အမှုဖွင့်တဲ့အတွက် တစ်ရပ်တိတိ ဘာအမှုတစ်စုံတရာမှမရှိဘဲ ချုပ်နှောင်ခံရတဲ့ကိစ္စတွေပါ"
ဒါ့အပြင် ကျောင်းသားနဲ့ ဝန်းရံသူ စုစုပေါင်း ၈ ဦးကို ဆေးအာမခံပေးဖို့ ဒီနေ့တရားရုံးချိန်းမှာ အာမခံလျှောက်ထား ခဲ့တာကို လာမယ့်သြဂုတ်လ ၄ ရက်နေ့ ရုံးချိန်းမှာ ဆုံးဖြတ်ချက်ချမှာဖြစ်တယ်လို့ သိရပါတယ်။
သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံ့ဝန်ထမ်းနာကျင်စေမှု၊ ဥပဒေမဲ့အစုအဖွဲ့မှာပါဝင်မှု စတဲ့ ပုဒ်မ ၅ခုနဲ့ တရားရင်ဆိုင်နေရတဲ့ ကျောင်းသား ကျောင်းသူနဲ့ ဝန်းရံသူ ၆၈ ဦးရှိပြီး လက်ရှိသာယာဝတီအကျဉ်းထောင်မှာ ၅၃ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။
ဒီနေ့ တရားရုံးချိန်းမှာ စစ်ဆေးမှုနဲ့ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်ကို RFA သတင်းထောက် မခင်ပြည့်စုံက ဆက်သွယ်မေးမြန်းထားပါတယ်။