အမ်းဒေသခံကို ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲထားတာ ပယ်ဖျက်ပေးဖို့ တောင်းဆို
2018.10.18
ရခိုင်ပြည်နယ် အမ်းမြို့နယ် စားအိုးချောင်းထဲမှာ ရေညစ်ညမ်းမှုကြောင့် ဂုံးတွေ အမြောက်အမြား သေဆုံးခဲ့တယ် ဆိုပြီး ဓာတ်ပုံ၊ ဗီဒီယိုဖိုင်နဲ့တကွ ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ အမ်းမြို့ခံ ကိုမျိုးလွင်ကို အစိုးရက ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲထားတာကို ပယ်ဖျက်ပေးဖို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
ဂုံးတွေ အမြောက်အမြားသေဆုံးတဲ့ကိစ္စကို အစိုးရဘက်က အများလက်ခံနိုင်တဲ့ ရှင်းလင်းမှုတွေ မလုပ်ဘဲ အခုလိုတရားစွဲတာဟာ မဖြစ်သင့်ဘူးလို့ ယူဆတဲ့အတွက် ဒီနေ့ကြေညာချက်ထုတ်ပြီး တောင်းဆိုတာလို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်က ဒေါ်ညိုအေး ကပြောပါတယ်။
ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနီး သံဇစ်မြစ်ကနေစတင်ဖြစ်ပေါ်ခဲ့တဲ့ ရေညစ်ညမ်းမှုဟာ အမ်း၊ မြေပုံ၊ ရမ်းဗြဲ စတဲ့မြို့နယ်တွေအထိပါ ပျံ့နှံ့သွားခဲ့ပြီး ကိုမျိုးလွင်က အမ်းမြို့နယ် စားအိုးချောင်းထဲမှာ ဂုံးတွေအမြောက်အမြား သေဆုံးမှုဖြစ်ပေါ်ခဲ့တဲ့အကြောင်းကို ဓာတ်ပုံ၊ ဗီဒီယိုဖိုင်တွေနဲ့ စက်တင်ဘာ ၂၂ ရက်နေ့က သူ့ရဲ့လူမှုကွန်ရက် ပေါ်တင်ခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုမျိုးလွင်ကို အရေးယူဖို့ ပြည်နယ်အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ အမ်းမြို့နယ် ဒုတိယမြို့အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး အမ်းမြို့မရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေနဲ့ အခုလဆန်းပိုင်းမှာ အမှုဖွင့်ထားတာပါ။
ကိုမျိုးလွင်ကို အောက်တိုဘာ ၁၁ ရက်နေ့က ရဲကခေါ်ယူစစ်ဆေးခဲ့ရာမှာ ရေညစ်ညမ်းမှုကြောင့် ဆိုးကျိုးတွေ သက်ရောက်နေတာကို ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတာဝန်ရှိသူတွေကို အချက်အလက်တွေနဲ့တကွ တင်ပြခဲ့သလို အများပြည်သူသိရှိအောင် သူ့အနေနဲ့ အပြုသဘောနဲ့တင်ပြခဲ့တာဖြစ်ကြောင်း ဖြေရှင်းထားတယ်လို့ ကိုမျိုးလွင်ကပြောပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကတော့ ကိုမျိုးလွင်ကိုအရေးယူဖို့ကိစ္စကို အစိုးရကတ်ဘိနက် အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ခဲ့တာဖြစ်တဲ့အတွက် ဒီနေ့တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုထံလိပ်မူပြီး စာရေးသားတင်ပြမှသာ ကတ်ဘိနက်အစည်းအဝေးမှာ ဆွေးနွေးနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်ရဲ့ ဒီနေ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ရေထုညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့ရတဲ့အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ပေးဖို့နဲ့ ဂုံးတွေအစုလိုက်အပြုံလိုက် သေဆုံးရတဲ့ အကြောင်းရင်းကို တိတိကျကျဖော်ထုတ်ရှင်းလင်းပေးဖို့၊ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို ဖော်ထုတ်ရှင်းလင်းပေးဖို့ စတဲ့အချက်တွေကိုလည်း တောင်းဆိုထားပါတယ်။