မင်းပြားမြို့က စစ်ကောင်စီတပ်ရင်းလိုက် အလံဖြူထောင်လက်နက်ချတဲ့ ရုပ်သံထွက်ပေါ်

RFA Burmese
2024.03.09
မင်းပြားမြို့က စစ်ကောင်စီတပ်ရင်းလိုက် အလံဖြူထောင်လက်နက်ချတဲ့ ရုပ်သံထွက်ပေါ် ရခိုင်ပြည်နယ် မင်းပြားမြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်းများမှ သိမ်းယူရရှိသည့် လက်နက်များအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ရက္ခိုင့်တပ်တော်( AA) မှ ထုတ်ပြန်ထားစဉ်။
AA Info Desk

ရခိုင်ပြည်နယ်၊ မင်းပြားမြို့အခြေစိုက် စစ်ကောင်စီ တပ်ရင်းသုံးခုက ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုဝင်တွေဟာ ရက္ခိုင့်တပ်တော် (AA) ဆီမှာ လက်နက်ချပြီး အလံဖြူထောင်တဲ့ ရုပ်သံဖိုင်တစ်ခု ဖေ့ဘွတ်စ် လူမှုကွန်ရက်စာမျက်နှာမှာ မတ်လ ၇ ရက်နေ့က ပျံ့နှံ့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလက စစ်ကောင်စီရဲ့ မင်းပြားအခြေစိုက် ခမရ ၃၇၉ ၊ ခမရ ၃၈၀၊ ခမရ ၅၄၁ တပ်ရင်းတွေနဲ့ AA တို့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လက်နက်ချတာတွေရှိပြီး အခုပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်မှာပါတဲ့ လူဦးရေ အတိအကျနဲ့ နေ့ရက်ကိုတော့ မသိသေးဘူးလို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောပါတယ်။

အလားတူ နောက်ထပ် အမည်မဖော်လိုတဲ့ AA နဲ့ နီးစပ်တဲ့ နိုင်ငံရေးသမားတစ်ဦးကလည်း မင်းပြားတိုက်ပွဲမှာ ထွက်ပြေးသွားသူတွေရှိသလို အလံဖြူထောင်သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ လက်နက်ချတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ သူတို့မိသားစုတွေကို AA က ထိန်းသိမ်းစောင့်ရှောက်ထားပြီး အရေအတွက် အတိအကျကိုတော့ မပြောနိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။

ဒီစစ်သုံ့ပန်းတွေနဲ့ ပတ်သက်တဲ့ ရုပ်သံဖိုင်အကြောင်း AA က တရားဝင်ထုတ်ပြန်တာမရှိသေးသလို AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို RFA က ဆက်သွယ်ပေမဲ့လည်း ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

မင်းပြားမြို့က ရှေ့တန်းစစ်မြေပြင်မှာရောက်နေတဲ့ AA ရဲ့ စစ်ရေးအရင်းအမြစ်တွေကတော့ ဒီရုပ်သံဖိုင်ပါ စစ်ကောင်စီတပ်သားတွေကို ဖမ်းဆီးရမိထားတယ်လို့ အတည်ပြုပြောဆိုပေမဲ့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီရုပ်သံဖိုင်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့လည်း ဖုန်းမဖြေပါဘူး။

မင်းပြားမြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၇၉)၊ (၃၈၀) နဲ့ (၅၄၁) တပ်ရင်း သုံးရင်းကို ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ ကမ်းနီရွာအနီးက စစ်ကောင်စီရဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကိုပါ သိမ်းယူနိုင်ခဲ့တယ်လို့ AA က ဖေဖော်ဝါရီ ၂၇ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့တွေအနေနဲ့ လက်နက်ချရင် အသက်ရှင်သန်ခွင့်ရပြီး မိသားစုတွေနဲ့ ပြန်လည်နေထိုင်နိုင်မှာဖြစ်ကြောင်း၊ လက်နက်မချတဲ့ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ AA က သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။