ပိုင်ဆိုင်မှု အိတ်ပိတ်စာကို ဖွင့်ကြည့်နိုင်တယ်လို့ သမ္မတဟောင်းရဲ့ဇနီး ပြော


2018.03.23
susulwin-622.jpg ဒေါ်စုစုလွင် ကို ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်စဉ်က ပြည်ထောင်စုလွှတ်တော်နာယကထံ ပေးပို့ထားတဲ့ ပိုင်ဆိုင်မှု အိတ်ပိတ်စာကို ဘယ်သူမဆိုဖွင့်ပြီး စစ်ဆေးနိုင်ပါတယ်လို့ မကြာသေးခင်က တာဝန်က အနားယူခဲ့တဲ့ သမ္မတဟောင်း ဦးထင်ကျော်ရဲ့ ဇနီး ဒေါ်စုစုလွင်က ပြောပါတယ်။

သုံးခွမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်တဲ့ ဒေါ်စုစုလွင်က ဒီနေ့ ဒုတိယ သမ္မတ ရွေးချယ်ပွဲမကျင်းခင် သတင်းထောက်တွေက မေးမြန်းမှုကို အခုလို ပြောပါတယ်။

"မယူပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာအိတ်လည်းပိတ်ထားစရာမလိုပါဘူး၊ အန်တီတို့ ပိုင်ဆိုင်မှုဟာ ပွင့်ပွင့်လင်းလင်းပဲရှိပါတယ်၊ အဲဒီတော့ အဲဒီအိတ်ကိုလည်း ဖွင့်ချင်တဲ့လူရှိရင် ကြိုက်တဲ့လူဖွင့်ပါလို့ အန်တီ ပြောချင်ပါတယ်၊ အန်တီကလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လုပ်နေတယ်ဆိုတော့လေ၊ အန်တီတို့ ဒီမှာပဲနေဖို့ စဉ်းစားပါတယ်"

ဒေါ်စုစုလွင်က သူတို့ရဲ့ပိုင်ဆိုင်မှုဟာ ပွင့်ပွင့်လင်းလင်းရှိတာကြောင့် ဘယ်သူမဆို ဖွင့်ကြည့်နိုင်တယ် လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်ဟာ ၂ နှစ်နီးပါး  တာဝန်ထမ်းဆောင်ပြီး သူ့ဆန္ဒအရ တာဝန်ကအနားယူဖို့  ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဒေါ်စုစုလွင်က ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီ အနိုင်ရခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင် တဲ့အတွက် ဦးထင်ကျော်ဟာ သမ္မတတာဝန်ကို သုံးလကနေ ခြောက်လအထိသာ ထမ်းဆောင်ဖို့ သာ မျှော်မှန်းခဲ့တာလို ပြောပါတယ်။

အဲဒီအတွက် ပင်စင်လစာဆိုတာကိုလည်း မမျှော်မှန်းသလို တိုင်းပြည်က ဘာရမယ်ဆိုတာထက် တိုင်းပြည်ကို ဘာပေးဆပ်မယ်ဆိုတာကိုသာ တွေးတယ်လို့ ဒေါ်စုစုလွင်က ပြောပါတယ်။

လက်ရှိမှာ သမ္မတဟောင်း ဦးထင်ကျော်ရဲ့ ကျန်းမာရေး ကောင်းမွန်နေပြီး ကိုယ်အလေးချိန်လည်း တက်လာပါတယ်လို့ ဒေါ်စုစုလွင် ကပြောပါတယ်။

ဒါ့အပြင် မကြာခင် သမ္မတဖြစ်မယ်လို့ ပြောနေကြတဲ့ ဒုတိယသမ္မတ ဦးဝင်းမြင့်ကို ထောက်ခံဖို့ကို လည်း ပြည်သူတွေကို မေတ္တာရပ်ခံခဲ့ပါတယ်။

အမျိုးသားစာဆိုကြီး လို့ ခေါ်ဝေါ်ကြတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ သားဖြစ်သူ ဦးထင်ကျော်ဟာ ဒလဘန်းအမည်နဲ့ စာပေရေးသားသူတဦးလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။