ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ဒုလက်ထောက်ဝန်ကြီးတို့ စီးပွားရေးပိတ်ဆို့မှုကိစ္စ ဆွေးနွေး

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်းဟာ ဒီဇင်ဘာ ၁၀ ရက် ဒီကနေ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီကျော်ကြာ တွေ့ဆုံပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

2010.12.10
assk_joseph_yun_305_z.png အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် (ဝဲ) နှင့် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်း (ယာ) တို့ ၂၀၁၀ ဒီဇင်ဘာ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

ဒီဆွေးနွေးပွဲဟာ မိမိတို့ ပါတီအတွက် အရေးပါတဲ့ ဆွေးနွေးပွဲတခု ဖြစ်တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။

“အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ပြည်သူလူထုကို သူပြောထားပြီး ဖြစ်တဲ့အတိုင်း ဆက်လက်ပြီးတော့ ကြိုးပမ်းသွားမှာ ဖြစ်တယ် ဆိုတဲ့အကြောင်း ဟိုဖက်က လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနဲ့ အဖွဲ့ကလည်းပဲ အမေရိကန်နိုင်ငံနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး ဆက်လက်ပြီးတော့ ကောင်းမွန်ဖို့အတွက် သူကြိုးစားဖို့ ရှိတဲ့အကြောင်း၊ သူတို့ကတော့ အမေရိကန် နိုင်ငံကတော့ ခုထိ နှစ်လမ်းသွား two track ပေါ်လစီကိုပဲ ဆက်လက် ကျင့်သုံးသွားမှာ ဖြစ်တဲ့အကြောင်း သူတို့ဖက်ကလည်း တင်ပြပါတယ်။”

ဒီကနေ့ ဆွေးနွေးကြတဲ့အထဲမှာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှု ကိစ္စတွေလည်း ပါဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောပါတယ်။ အသေးစိတ်ကိုတော့ ထုတ်ဖော် မပြောပါဘူး။

မိမိတို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြကြောင်း၊ မိမိတို့နဲ့ အမေရိကန် ပြည်ထောင်စုအကြား ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေး ဖြစ်ပေါ်လာလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက်ယွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ဆွေးနွေးခဲ့တာတွေဟာ အလွန် အကျိုးရှိကြောင်းနဲ့ ဒီဆွေးနွေးပွဲ ကနေ အများကြီး လေ့လာ သိရှိခွင့် ရခဲ့ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

မစ္စတာ ဂျိုးဇက်ယွန်းဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီးနောက် လာရောက် တွေ့ဆုံတဲ့ ပထမဦးဆုံး အမေရိကန် အဆင့်မြင့် သံအရာရှိဖြစ်ပါတယ်။

ရန်ကုန်မြို့ အမေရိကန်သံရုံးကလည်း ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

အဲဒီကြေညာချက်မှာ မစ္စတာဂျိုးဇက်ယွန်းရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံက အရေးပါတဲ့ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့နဲ့ ရွေးကောက်ပွဲအလွန် လက်ရှိ အနေအထားတွေနဲ့ ပတ်သက်ပြီး သာမန် ပြည်သူတွေရဲ့ အမြင်တွေကို သိရှိနိုင်ဖို့ ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။

မစ္စတာဂျိုးဇက်ယွန်းဟာ အခု ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရအပြင် လူမျိုးစုတိုင်းရင်းသားတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ လိုလားတဲ့ ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် တွေ့ဆုံခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

စစ်အစိုးရအာဏာပိုင်တွေနဲ့ တွေ့ဆုံရာမှာ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်ရေး၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စတွေကို ပြောဆိုခဲ့တဲ့အပြင် အမေရိကန်ပြည်ထောင်စုက စိုးရိမ်မကင်း ဖြစ်နေတဲ့ ကိစ္စရပ်တွေမှာ အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုတွေ ဖြစ်ထွန်းလာဖို့အတွက် တိုက်ရိုက် တွေ့ဆုံဆွေးနွေးဖို့ တံခါး ဖွင့်ထားကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီဝင်တွေနဲ့ အချိန်ယူ တွေ့ဆုံခဲ့ချိန်မှာလည်း အမေရိကန် ပြည်ထောင်စုအနေနဲ့ ငြိမ်းချမ်းသာယာပြီး ကြွယ်ဝတဲ့ “ဒီမိုကရက်တစ် မြန်မာနိုင်ငံ” ပေါ်ထွန်းရေးကို လိုလား ကြောင်း အလေးအနက် ပြောဆိုခဲ့ပြီး အမျိုးသားရင်ကြားစေ့ရေးနဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ထွန်းဖို့အတွက် အတွေးအမြင်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာဂျိုးဇက်ယွန်းဟာ အခုနှစ် မေလက မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ပြီးရင် အဆင့်အမြင့်ဆုံး အမေရိကန်အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ် ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီတွေ့ဆုံပွဲတွေနဲ့ ပတ်သက်ပြီး ဗန်ကောက်မြို့ရောက်RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။