လူထုနည်းသည် အကောင်းဆုံးဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
2011.03.09

ဒီကနေ့ ပြုလုပ်တဲ့ ပြည်နယ်တိုင်း စည်းရုံးရေးကော်မတီဝင်တွေနဲ့ တွေ့ဆုံပွဲမှာ NLD ပါတီရဲ့ အကြမ်းမဖက်နည်းနဲ့ တွေ့ဆုံဆွေးနွေးရေး ပေါ်လာအောင် ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီး ဖြစ်ပေမဲ့ ရလဒ် အပေါ် လူထုက အားမရ ဖြစ်နေတယ် ဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ခုလို ဖြေကြားခဲ့တာပါ။
အစည်းအဝေးမှာ ဧရာဝတီတိုင်းအတွင်း မြို့နယ်၂၀က ပါတီဝင် ကိုယ်စားလှယ်တွေက တိုင်းအတွင်း လူထုကြုံတွေ့နေရတဲ့ လူမှုရေး၊ စီးပွားရေး၊နိုင်ငံရေး စတဲ့ အခက်အခဲပေါင်းစုံကို တင်ပြသလို မေးခွန်းတွေလည်း မေးခဲ့တာ ဖြစ်ပါတယ်၊ မေးမြန်းလာတဲ့ မေးခွန်းများနဲ့ တင်ပြချက်များကို ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင်တို့က ပြန်လည် ဖြေကြားခဲ့ပါတယ်။ ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်း ပြောကြားချက်တခုကို ခုလိုပြောပြပါတယ်။
“မြို့နယ်စည်းတွေက လူထုထဲကို ဆင်းပါ၊ ပြည်သူလူထုရဲ့ အခက်အခဲတွေကို လေ့လာပါ၊ လေ့လာပြီးတော့ ဘာကို ကူညီနိုင်သလဲ ဆိုတာကို နည်းလမ်းရှာပြီးတော့ ကူညီကြပါလို့ အဲဒီလို တိုက်တွန်းလိုတဲ့အကြောင်း အဲဒီကနေပြီးတော့ပဲ ကျွန်တော်တို့ စည်းရုံးရေး အောင်မြင်အောင် လုပ်ဆောင်ပြီး ဒီမိုကရေစီရတဲ့အထိ ဆက်လက်ပြီး ဆောင်ရွက်သွားမယ် ဆိုတဲ့အကြောင်း တိုက်တွန်း ပြောကြားတာ ဖြစ်ပါတယ်။”
ဒါ့အပြင် မြို့နယ်များက တင်ပြတဲ့ အခက်အခဲတွေအနက် လယ်သမားတွေ ရင်ဆိုင် နေရတဲ့ အခြေအနေ အခက်အခဲတွေနဲ့ ပတ်သက်ပြီး မနက်ဖြန် မတ်လ ၁၀ ရက်မှာ သီးခြားဆွေးနွေးတာတွေ လုပ်ဖို့လည်း အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
အစည်းအဝေးဟာ မနက် ၁၀ နာရီက စတင်ပြီး ညနေ ၃နာရီမှာ ပြီးဆုံးသွားပါတယ်။
ဒီ အစည်းအဝေးနဲ့ ပတ်သက်ပြီး ပါတီ ဗဟိုေကာ်မတီဝင် ဦးအုန်းကြိုင်ကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |