အမျိုးသမီးရွှေ့ပြောင်းလုပ်သားများကို ဒေါ်အောင်ဆန်းစုကြည် အားပေး
2011.03.15

အဲဒီလို ပြောကြားခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က မိမိတို့အနေနဲ့ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ဘဝတွေ သက်သာချောင်ချိရေး ကူညီပေးဖို့ အမြဲ စဉ်းစား ကြိုးစားနေကြာင်း၊ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့လည်း ရောက်ရာဒေသမှာ ဝန်ထုပ်ဝန်ပိုး မဖြစ်ရအောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း ပြောပါတယ်။
“ကျွန်မအနေနဲလည်း ကျွန်မတို့ရဲ့ ပြည်ပရောက်သွားတဲ့ ရွှေ့ပြောင်း အလုပ်သမားများ၊ ဒုက္ခသည်များနဲ့ ဒေသခံ ပြည်သူများ အကြားမှာ ပြေလည်နိုင်ဖို့ အရေးကြီးတယ်။ အဲဒီလို ပြေလည်နိုင်ဖို့ ဘယ်လို ကြိုးစားပြီး လုပ်ဆောင်ရမလဲ ဆိုတာကို အမြဲပဲ စဉ်းစားနေပါတယ်။ ဥပမာအားဖြင့်ဆိုရင် ကျွန်မတို့ ပြည်ပရောက်သွားတဲ့ အမျိုးသမီးများဟာ ဒီဒေသအတွက် ဝန်ထုပ်ဝန်ပိုး တခုသာမက ဒေသကိုလည်း အကျိုးပြုနိုင်တယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း ပေါ်မယ်ဆိုလို့ရှိရင် ဒေသခံတွေအနေနဲ့လည်း ကျွန်မတို့ရဲ့ အမျိုးသမီးတွေ အပေါ်မှာ စိတ်ထားဟာ ပြောင်းသွားမယ်လို့ ကျွန်မတို့ ထင်ပါတယ်။”
“ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ ပြည်ပရောက်သွားတဲ့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အားလုံး လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ်နဲ့ ကျွန်မတို့ နိုင်ငံကို ပြန်လာနိုင်မဲ့ အခြေအနေတခု ဖန်တီးဖို့ပါပဲ။”
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားရာမှာ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ရဲ့ ဘဝ တိုးတက်ရေးအတွက် MAP Foundation လို အဖွဲ့အစည်းမျိုးတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုးစားမှာ ဖြစ်ကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ရတဲ့အခွင့်အရေးတွေကို အသုံးချပြီး မိမိတို့ အရည်အသွေး တိုးတက်မြင့်မားလာအောင် အားထုတ်ကြရမှာ ဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
“ကျွန်မ ပြောချင်တာကတော့ မျှော်လင့်ချက်ကိုတော့ ဘယ်တော့မှ လက်မလွှတ်ပါနဲ့။ ဒီနိုင်ငံကနေပြီးတော့ ထွက်သွားရတဲ့ အကြောင်းများဟာ ဘယ်လို အခက်အခဲတွေကြောင့်လဲ ဆိုတာ တယောက်နဲ့ တယောက် မတူပေမဲ့ နောက်ဆုံး ဘယ်သူကမှ ထွက်သွားချင်လို့ ဒီလိုပုံစံနဲ့ ထွက်သွားကြတာ မဟုတ်ပါဘူး။ ကိုယ့်တိုင်းပြည်မှာ အခက်အခဲတွေ များလွန်းလို့ ကိုယ့်တိုင်းပြည်ရဲ့ ဒုက္ခတွေက များလွန်းလို့ တခြား ပြည်ပတိုင်းပြည်ကို သွားပြီး ရုန်းကန်ရတာ ဖြစ်ပါတယ်။”
“ကျွန်မတို့ အမျိုးသမီးတွေဟာ အရည်အချင်း ရှိတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ ဘဝမှာ ရုန်းကန်နိုင်တဲ့ အရည်အချင်းဆိုတာ နည်းတဲ့ အရည်အချင်း မဟုတ်ပါဘူး။ ဒီလို ဘဝမှာ ရုန်းကန်နိုင်တဲ့ အရည်အချင်း ရှိလို့လဲ စွန့်စွန့်စားစားနဲ့ ပြည်ပကို သွားပြီးတော့ ဘဝသစ် ထူထောင်ဖို့ ကြိုးစားကြတာပါ။ ဒီလို ကြိုးစားတဲ့ နေရာမှာ တချိန်လုံး ရေရှည် အကျိုးအတွက်ကို စဉ်းစားစေချင်ပါတယ်။ ရေရှည် ရည်မှန်းချက်ကို မျက်ခြေမပြတ် ရှိစချေင်ပါတယ်။”
မကြာလှတဲ့အချိန်တချိန်မှာ မိမိတို့အားလုံး မြန်မာနိုင်ငံမှာ ပြန်လည်ဆုံတွေ့ပြီး မြန်မာ့အကျိုး၊ ကမ္ဘာ့အကျိုး အတူသယ်ပိုး ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အားပေးစကား ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အနည်းဆုံး နှစ်သန်းလောက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။