ဒေါ်အောင်ဆန်းစုကြည်၏အလှူသို့ သံဃာတော် ၇၅၀ ကျော် ကြွရောက်
2010.12.08

ရွှေဂုံတိုင်လမ်းအဖွဲ့ချုပ်ရုံးရှေ့မှာ ဒီကနေ့ မနက် ၈ နာရီက စတင် လှူဒါန်းတဲ့ ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။
“သင်္ကန်းဆက်ကပ်လှူဒါန်းဖို့ ဆောင်ရွက်ရတဲ့ ကိစ္စကတော့ ဒေါ်စု ထောင်ကျနေစဉ်နဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်မှာ အင်္ဂါနေ့တိုင်း အဖွဲ့ချုပ် ဗဟို အမျိုးသမီး လုပ်ငန်းအဖွဲ့ကနေပြီးတော့ ဆွမ်းလောင်းလှူပွဲ လုပ်ခဲ့တယ်။ အဲဒီ ဆွမ်းလောင်းလှူပွဲမှာ လာရောက်ပြီးတော့ ချီးမြှင့်တော်မူတဲ့ သံဃာတော်တွေကို ရည်ရွယ်ပြီးတော့ သင်္ကန်း လှူဒါန်းတာ ဖြစ်တယ်၊ သင်္ကန်းတစုံစီ။” “နောက်ပိုင်းမှာ ကြွရောက်တဲ့ သံဃာတော်တွေက များလာတဲ့အခါကျတော့ နောက်ပိုင်း တချို့သံဃာတွေကိုတော့ ဝတ္ထုငွေပဲ လှူဒါန်းနိုင်တော့တယ်။ အလှူခံတဲ့ သံဃာတော် ခုနစ်ရာနဲ့ ငါးဆယ့်ရှစ်ပါး၊ အဲ သံဃာတော်တွေ ပြီးတဲ့အခါကျတော့ သီလရှင် ဆရာလေးတွေကိုလည်းပဲ မျက်နှာသုတ် တဘက်တွေ ဆက်ကပ်လောင်းလှူတယ်။ အဲဒီမှာလည်း သီလရှင်ဆရာလေး တရာ တဆယ့်နဲ့ ကိုးပါး လှူဒါန်းခဲ့တယ်။ သံဃာတော်တွေကလည်း အလွန် ကြည်နူးဝမ်းမြောက်ကြပြီးတော့ ဆုတောင်းမေတ္တာ ပို့သကြတယ်။”
သံဃာတော်တွေကို သင်္ကန်းကပ်လှုပွဲကို ကြိုတင် ရောက်ရှိနေတဲ့ Paris Match ဆိုတဲ့ မဂ္ဂဇင်းက ဓာတ်ပုံရိုက်ယူခဲ့တဲ့အပြင် မဂ္ဂဇင်းသတင်းထောက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ မေးမြန်းခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနောက် သက်ရှိထင်ရှား ရှိနေတဲ့ ငြိမ်းချမ်းရေးဆုရှင်တွေရဲ့ ဓာတ်ပုံတွေကို စာအုပ်ထုတ်ဝေဖ စီစဉ်နေတဲ့ ဂျပန်ဓာတ်ပုံဆရာ မစ္စတာ အူဆုအိဆိုသူက အလှူပွဲ ဓာတ်ပုံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဓာတ်ပုံရိုက်ပြီးနောက် ၁၀ မိနစ်ကြာ တွေ့ဆုံစကားပြောခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းထားတဲ့ NHK ဂျပန်သတင်းဌာနနဲ့ ဒေါ်စုက တွေ့ဆုံ မေးမြန်းခန်း ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။