ဒေါ်အောင်ဆန်းစုကြည်နှင့် NDF ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

NLD အမျိုးသား ဒီမိုကရေးအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီခေါင်းဆောင်တွေ မတ်လ ၁၇ ရက် မနေ့က တနာရီကြာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

2011.03.18
khin_maung_swe_ndf_election_305_z.png အမျိုးသားဒီမိုကရေစီအင်အားစု NDF ပဲခူးတိုင်းဒေသကြီး ပါတီ ရုံးခွဲဖွင့်ပွဲတွင် အောက်တိုဘာ ၇ ရက်နေ့က ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။
(Photo: AFP)

NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး၊ အန်အယ်ဒီဘက်က အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီ ဗဟိုကော်မတီဝင် ဦဝင်းထိန်တို့ တက်ရောက်ခဲ့ပြီး၊ NDF ဖက်က ပါတီနာယက ဦးခင်မောင်ဆွေနဲ့ ပါတီဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းတို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အခုတွေ့ဆုံမှုဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပြီး၊ ပထမအကြိမ်ကိုတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ဦးတင်ဦးရဲ့ နေအိမ်မှာပဲ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ပထမအကြိမ် တွေ့ဆုံစဉ်က လူမှုရေးကိစ္စတွေပဲ သီးသန့် ပြောဆိုခဲ့ကြပေမဲ့ အခုတကြိမ်မှာတော့ နိုင်ငံရေးကိစ္စတွေပါ ဆွေးနွေးခဲ့ကြတယ်လို့ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

“ဒီလိုမေးပါတယ် ဒေါ်စုက။ ဒီ NDF ရဲ့ လက်ရှိ သွားနေတဲ့ လမ်းကြောင်း ဘယ်လို ရှိသလဲပေါ့။ ဘယ်လို ရည်မှန်းထားသလဲပေါ့။ ဒါတွေလည်း မေးပါတယ်။ နောက်ပြီး ကျွန်တော်တို့ကလည်းပဲ NLD နောက်ဆုံး regitration ပေါ့လေ၊ မှတ်ပုံတင်တဲ့ ကိစ္စ နောက်ပိုင်းမှာ ဘာကြောင့် မှတ်ပုံတင်မတိုင်ခင် အဖြစ်အပျက်တွေကို ကျွန်တော်တို့ ရှိစဉ်ကာလက အကြောင်းတွေကို ရှင်းပြပါတယ်။ ရှင်းပြပြီးမှ ကျွန်တော်တို့ ဒီလို ပါတီတခု ပေါ်အောင် ဘာကြောင့် လုပ်ရတယ်ဆိုတာကိုလည်း ကျွန်တော်တို့ ဒေါ်စု နားလည်အောင်ပေါ့လေ၊ ကျွန်တော်တို့ ပြောပြပါတယ်။ ပြီးတော့ ဒီ NDF က လွှတ်တော်ထဲမှာ အခု ဘယ်လို ပုံစံနဲ့ သွားနေသလဲပေါ့။ လွှတ်တော်မှာ ကျွန်တော်တို့ ကြိုးပမ်းနေတဲ့ ကိစ္စတွေ ဒါတွေလည်း သူသိချင်တာတွေ ရှိလို့ ကျွန်တော်တို့ ရှင်းပြပါတယ်။”

ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်းစတဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ခေါင်းဆောင်တွေဟာ ယခင် NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင်ဟောင်းတွေ ဖြစ်ပြီး၊ ရွေးကောက်ပွဲဝင်ဖို့ NDF ကို ထူထောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NDF ခေါင်းဆောင်တွေ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေနဲ့ NLD ဗဟိုကော်မတီဝင် ဦဝင်းထိန်တို့ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။