၂၀၁၀ သတင်းကောင်းများမှာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှုပါဝင်
2011.05.13

ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ၂၀၁၁ ခုနှစ် နှစ်စဉ် ကမ္ဘာ့ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဗြိတိန်အခြေစိုက် AI အဖွဲ့က အခုလို ရေးသားထားတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း၊ တိုင်းရင်းသား အတိုက်အခံတွေကို ဖိနှိပ်တာနဲ့ နေရပ် အတင်းအကျပ် ပြောင်းရွှေ့တာတွေ ရှိခဲ့ကြောင်း အစီရင်ခံစာက ရေးပါတယ်။
အခုနှစ်ဟာ AI အဖွဲ့ကြီး တည်ထောင်တာ အနှစ် ၅၀ ပြည့်တဲ့ အချိန်အခါဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အတွင်း အာရပ်နဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေက လွတ်လပ်ခွင့်နဲ့ တရားမျှတရေး တောင်းဆို ဆန္ဒပြမှုတွေဟာ လူ့အခွင့်အရေးအတွက် အပြောင်းအလဲကြီး ဖြစ်ခဲ့ကြောင်း အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဒီအပြောင်းလဲဟာ ဓားဖျားပေါ်မှာ တည်ရှိနေတဲ့ ပြောင်းလဲမှုဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ဒီအပြောင်းအလဲဟာ လူ့အခွင့်အရေး လှုပ်ရှားမှုအတွက် ကျဆုံးသွားစေနိုင်မဲ့ အပြောင်းအလဲ မဖြစ်ဖို့ အကြောင်းလည်း AI အဖွဲ့ကြီးက သတိပေးထားပါတယ်။