ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေး ဒေါ်အောင်ဆန်းစုကြည် ပြောဆို

ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်အောင် လုပ်တဲ့နေရာမှာ တိုင်းရင်းသားတွေက ဗမာအစိုးရကို မယုံသလို၊ ဗမာအစိုးရက တိုင်းရင်းသားအရေးကို အလေးမထားဘူးလို့ ခံယူနေတဲ့အတွက် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာသင့်သလောက် မခိုင်မာခဲ့တာ ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သုံးသပ် ပြောဆိုလိုက်ပါတယ်။

2011.03.17
naga_ethnic_union_305_z.png နာဂတိုင်းရင်းသား ပွဲတော်မြင်ကွင်း ဖြစ်ပါသည်။ တိုင်းရင်း သား လူမျိုးစုများစွာ မှီတင်းနေထိုင်သော မြန်မာနိုင်ငံတွင် ပင်လုံ သဘောတူညီချက်အရ လူမျိုးတိုင်း တန်းတူအခွင့် အရေးကို အခြေခံသော ဖယ်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရေး ကို လိုလားတောင်းဆိုနေကြပါသည်။
Photo: AFP

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်တွေနဲ့ ရှမ်းပြည်နယ်က စည်းရုံးရေး ခေါင်းဆောင်တွေ ဒီကနေ့ တွေ့ဆုံတဲ့ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။

“ကျွန်မတို့ ပြည်ထောင်စု စိတ်ဓာတ်ကို ရှင်သန်အောင် လုပ်တဲ့နေရာမှာ ဘယ်လို အထစ်အငေါ့တွေ ရှိနေသလဲ၊ ဘယ်လို အပိတ်အဆို့တွေ ရှိနေသလဲ၊ ဘယ်လို ခလုတ်ကန်သင်းတွေ ရှိနေသလဲဆိုတာကို ကျွန်မတို့ နားလည်ဖို့ လိုပါတယ်တဲ့။”

“အဓိက အချက်တခုကတော့ ကျွန်မတို့ တိုင်းရင်းသားများအနေနဲ့ ညီအစ်ကို မောင်နှမတွေ အနေနဲ့ ပြည်မ အစိုးရကို မလွန်ဆန်နိုင်တဲ့ ကိစ္စ ဒီလိုပဲ ကျွန်မ မြင်ပါတယ်။ ဗမာအစိုးရကို မယုံကြည်သလို ဗမာအစိုးရဟာ တိုင်းရင်းသားတွေရဲ့ အရေးကို ဘယ်တော့မှ အလေးမထားဘူး ဆိုတဲ့ ခံယူချက်တွေကြောင့် ကျွန်မတို့ ပြည်ထောင်စု စိတ်ဓာတ်ဟာ ခိုင်မာသင့်သလောက် မခိုင်မာခဲ့တာ ဖြစ်တယ်။”

“ဒီလို ပြဿနာတွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာကို အဓိက ထားပြီးတော့ ကျွန်မတို့ မြို့နယ်တွေက အခြေအနေတွေ၊ ပြည်နယ်တွေက အခြေအနေတွေ တင်ပြစေချင်ပါတယ် စသဖြင့် သူက အဲဒီလို ဖွင့်ပေးပါတယ်ခင်ဗျ။”

ဒါ့အပြင် လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှာ အမျိုးသားခေါင်းဆောင်တွေက ပြည်ထောင်စုအတွက် ရှမ်းပြည်နယ် ပင်လုံမြို့မှာ ညီလာခံ ကျင်းပနိုင်ခဲ့တာဟာ ရှမ်းတိုင်းရင်းသားတွေရဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဒါကြောင့် ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက်ရေးမှာလည်း ရှမ်းတိုင်းရင်းသားတွေအနေနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ရှမ်းပြည်နယ်ကနေ ဆွေးနွေးပွဲ တက်လာတဲ့ ကိုယ်စားလှယ်တွေကလည်း ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက်ရေးအတွက် သူတို့အနေနဲ့ အတတ်နိုင်ဆုံး ပံ့ပိုးကူညီမယ်လို့ ပြန်လည် ပြောဆိုကြောင်း သိရပါတယ်။

ဒါ့အပြင် သူတို့ဒေသတွေမှာ NLD ကို ဖိအားပေးတာတွေ များတဲ့အတွက် ပြည်သူတွေကြား လှုပ်ရှားရတာတွေ နှေးကွေးနေရတဲ့ ကိစ္စ၊ စစ်အစိုးရနဲ့ အပစ်ရပ်အဖွဲ့တွေရဲ့ စီးပွားရေး ချဲ့ထွင်မှုကြောင့် ဒေသခံလယ်သမားတွေ လယ်မြေတွေ အသိမ်းခံရတဲ့ကိစ္စ၊ ဘိန်းစိုက်ပျိုးမှုတွေ ဆက်ရှိနေတဲ့ ကိစ္စတွေ တင်ပြကြတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲမှာ ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်တို့ကလည်း ကိုယ်စားလှယ်တွေရဲ့ မေးမြန်းချက်တွေကို ပြန်လည် ဖြေဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။