လွှတ်ပေးမည့်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်ပါဖို့ မမျှော်လင့်

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ မတိုင်ခင် အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေ လွှတ်ပေးမဲ့အကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်တဲ့ ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

2010.10.11
free_assk_manila_2010_305_z.jpg ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဖိလိပိုင်နိုင်ငံ မနီလာမြို့ရှိ မြန်မာစစ်အစိုးရ သံရုံးရှေ့တွင် ဇွန်လ ၁၈ ရက်နေ့က သံတိုင်နောက်မှ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပိုစတာ ကိုင်ဆောင်ကာ မြန်မာပြည်မှ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြနေသူများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
စစ်အစိုးရဟာ သာမန် ရာဇဝတ်မှု ကျူးလွန်သူတွေကိုသာ လွှတ်ပေးနိုင်ဖွယ် ရှိပြီး အဲဒီထဲမှာ နိုင်ငံရေး အကျဉ်းသား အနည်းအကျဉ်းလောက်သာ ပါနိုင်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လိမ့်မယ်လို့ သူမျှော်လင့်မထားကြောင်း NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

“ဒေါ်စုက ထိန်းသိမ်းခံရပြီး ပြန်လွတ်လာတိုင်း သူက သီးခြား စဉ်းစားတယ်။ သူတို့မှာ ဒီလိုဟာတွေနဲ့ ဆက်ပြီးတော့ လွတ်လာတာမျိုး ကျွန်တော် မတွေ့ဖူးဘူး။ ကျွန်တော်တို့ကတော့ ၁၃ ရက် နိုဝင်ဘာပဲ။ အဲဒီနေ့မှာ လွှတ်ပေးမယ်လို့ မျှော်လင့်တယ်။ ဘာလို့လဲဆိုတော့ သူ့ကို ချမှတ်ထားတဲ့ ထောင်ဒဏ်က စေ့သွားပြီ။ အဲဒါကြောင့် ဒါ လွှတ်ရမှာပဲ။”

အကျဉ်းသားတွေကို လွှတ်ပေးတာမျိုး အရင်ကလည်း ရှိခဲ့ဖူးသလို အခု လွှတ်ပေးမဲ့ အစီအစဉ်ဟာလည်း လာမဲ့လမှာ ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် မြန်မာစစ်အစိုးရရဲ့ ပြင်ဆင်မှုတခုသာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျွန်တော်တို့ ထင်တာကတော့ ဟိုတုန်းက ဆန္ဒခံယူပွဲတုန်းကလည်း လွှတ်တယ်။ သူတို့ရဲ့ ဟိုဒင်းပေါ့နော်၊ ဂုဏ်သိက္ခာကို တင်တဲ့အနေနဲ့ လွှတ်တာပါ။ သူတို့ သိက္ခာတက်မှ referendum လည်း နိုင်တယ်၊ ဒီလိုသဘောမျိုးတွေ ရှိတာပေါ့။ အခုလည်း အစိုးရအဖွဲ့ကလူ ဝန်ကြီးတွေက ရွေးကောက်ပွဲ ဝင်နေကြတော့ ဒါအတွက် နာမည်ကောင်း ယူဖို့ ဖြစ်နိုင်တာပေါ့။”

စစ်အစိုးရအနေနဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသား ၃ ထောင်ကို လွှတ်ပေးဖို့ ရှိပြီး လွတ်မြောက်လာ သူတွေဟာ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရကြမှာ ဖြစ်ကြောင်းနဲ့ သူတို့ကို မဲပေးခွင့်ပြုဖို့ ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားထားကြောင်း အမည်မဖော်လိုတဲ့ အကျဉ်းဦးစီးဌာန အရာရှိတဦးကို ကိုးကားပြီး Reuters သတင်းဌာနက ဒီကနေ့ ရေးသားပါတယ်။ ရက် ၃၀ အတွင်း လွှတ်ဖို့ရှိတဲ့ အကျဉ်းသားတွေကို လွှတ်ပေးဖို့ စီစဉ်ထားတယ်လို့လည်း သူက ပြောပါတယ်။

မနေ့ကလည်း ရွေးကောက်ပွဲ မတိုင်ခင် မဲပေးနိုင်ဖို့ အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၁ သောင်း ၁ ထောင်ကျော် လွှတ်ပေးဖို့ စီစဉ်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန အရာရှိတဦးကို ကိုးကားပြီး ပြည်တွင်းထုတ် Myanmar Times သတင်းဂျာနယ်က ရေးသား ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။