သတင်းသမားများရပ်တည်ချက်မှန်ဖို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား
2011.05.16

ရန်ကုန်မြို့ NLD ရုံးချုပ်မှာ မေလ ၁၆ ရက် ဒီကနေ့ စတင် ဖွင့်လှစ်လိုက်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သတင်းနဲ့ စာနယ်ဇင်း ရက်တိုသင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။
“ကျွန်မကလေ သတင်းလောကက လူတွေက အမှန်တရားဖက်က ရပ်တည်ပေးရမယ်လို့ ယုံကြည်တယ်။ အမှန်တရားဖက်က ဆိုတာ ကျွန်မတို့ ပြောချင်တာက တိုတိုပြောမယ်၊ ကျွန်မတို့ဖက်က ရပ်တည်ပေးစေချင်တယ်။”
“ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ အမြဲမှန်လို့ မဟုတ်ဖူး။ ကျွန်မတို့ အမှန်တရားအတွက် လုပ်နေလို့။ ကျွန်မတို့ ယုံကြည်ချက်က ကျွန်မတို့ရဲ့ လူတွေက အခြေခံအားဖြင့် ဆိုလို့ရှိရင် လူ့အခွင့်အရေး အတွက် လုပ်နေတယ်။ ဒီမိုကရေစီ တန်ဖိုးထားတယ်ဆိုတဲ့အလုပ်။ လူ့အခွင့်အရေးအတွက် လုပ်တာကြောင့် အမှန်တရား အတွက် လုပ်တယ်လို့ ကျွန်မ ယုံကြည်တယ်။”
“ဒါကြောင့်မို့လို့ ကျွန်မကတော့ ကျွန်မတို့ကို ထောက်ခံတဲ့ စာနယ်ဇင်းလောကက ပုဂ္ဂိုလ်တွေကို ကျွန်မ ကျေးဇူးလည်းတင်တယ်၊ သဘောလည်း ကျတယ်။ အဲဒီတော့ ဒါပေမဲ့ ဒီလို ရပ်တည်တဲ့ နေရာမှာ စောစောက ပြောသလိုပေါ့၊ အချက်အလက်တွေကိုတော့ အမှားမပြောရဘူး။ ဟိုဖက်ကို မကြိုက်လို့ ဟိုဖက်က လူတွေအကြောင်း မဟုတ်တာတွေ မပြောရဘူး။”
“ဒီဖက်ကို ကြိုက်လို့ ဒီဖက်ကလူတွေအကြောင်းလည်း မဟုတ်တဲ့ ကောင်းကြောင်းချည်းပဲ မပြောရဘူး။ အဲဒါတော့ မှန်မှန်ကန်ကန် ပြောရမယ်။ ဒါပေမဲ့ ဒါကို အခြေခံပြီးတော့တော့ ကိုယ့်မူအရ ရပ်တည်သွားသင့်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။”
“အဲဒါကြောင့်မို့လို့ သတင်းလောကနဲ့ ပတ်သက်လို့ ရှိလို့ရှိရင် မှန်ကန်တဲ့ အချက်အလက်တွေပဲ ဖြစ်ရမယ်။ မှန်ကန်တဲ့ ရပ်တည်ချက်လည်း ရှိရမယ်။ အဲလို ကျွန်မ ယုံကြည်တယ်ဆိုတာ ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်။”
အဲဒီသင်တန်းကို ဝါရင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ဦးစီးပို့ချမှာ ဖြစ်ပြီး၊ စာနယ်ဇင်းပညာ ပို့ချမဲ့ အခြားပုဂ္ဂိုလ်တွေကတော့ ကြေးမုံ ဦးသာဘန်း၊ စာရေးဆရာ ဦးမိုးသူ၊ သတင်းစာဆရာ ဦးအောင်ဝင့် ခေါ် ဦးအုန်းကြိုင်၊ ဖျာပုံနီလုံဦးနဲ့ မုံရွာအောင်ရှင်တို့က ပို့ချမှာပါ။
ဘာသာရပ်တွေကတော့ သတင်းစာပညာ မိတ်ဆက်၊ ဂျာနယ်အကြောင်း၊ အယ်ဒီတာနဲ့ မဂ္ဂဇင်းလောက၊ ဘာသာပြန်ဗေဒ၊ သတင်းနဲ့ သတင်းရေးသားနည်း၊ စာပေလွတ်လပ်ခွင့်၊ စာနယ်ဇင်းကျင့်ဝတ်နဲ့ citizen journalist လို့ခေါ်တဲ့ ပြည်သူ့ သတင်းသမားအကြောင်းတွေ ဖြစ်ပါတယ်။
သင်တန်းသားအဖြစ် တက်ရောက် သင်ယူခွင့်ကိုတော့ NLD လူငယ် အဖွဲ့ဝင်ထဲက တိုင်းနဲ့ ပြည်နယ်အလိုက် ခေါ်ထားပြီး တိုင်းတတိုင်း၊ ပြည်နယ်တခုကို ၃ ယောက်စီနဲ့ ဌာနချုပ်က လူငယ်တွေ တက်ခွင့်ရမယ်လို့ သိရပါတယ်။ ဒါကြောင့် အခုဖွင့်လှစ်မဲ့ သတင်းနဲ့ စာနယ်ဇင်း ရက်တိုသင်တန်း အမှတ်စဉ် (၁) မှာ သင်တန်းသား ၅၀ ကျော် ရှိမယ်လို့ သိရပါတယ်။
သင်တန်းကို မေလ ၁၈ ရက်နေ့ကနေ ၂၂ ရက်နေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်နဲ့ ပတ်သက်ပြီး RFA မှ ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။
![]() |
စုစည်းတင်ပြချက် |
![]() |
အသံဖိုင်ယူရန် |