ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ပိုလုပ်ပြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေအနေနဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေ အခု လက်ရှိထက် ပိုမို လုပ်ဆောင်ကြပြီး NLD အခိုင်အမာ တည်ရှိမှုကို ပြသကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

2011.03.03
assk_aids_kids_305_z.png ကမ္ဘာ့ အေ့ဒ်စ်ရောဂါနေ့ ဖြစ်သော ဒီဇင်ဘာ ၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် (အလယ်) ကို HIV ဗိုင်းရပ်စ်ပိုး ကူးစက်ထားသော ကလေးသူငယ်များနှင့်အတူ တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၃၀ ကျော်က တာဝန်ခံတွေနဲ့ NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်တွေ တွေ့ဆုံပွဲမှာ ပြောသွားတာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။

“အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ် လုပ်ငန်းတွေ ပိုပြီးတော့ တိုးမြှင့်ပြီး လုပ်ဖို့ အမှန်တကယ် လိုအပ်ပါတယ်၊ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး လုပ်ငန်းတွေကို အခုထက် ပိုပြီးတော့ မားမားမတ်မတ် ရပ်ပြီးတော့ အဖွဲ့ဝင်ထုက လုပ်ပြခြင်းအားဖြင့် အဖွဲ့ချုပ်ဆိုတာဟာ ပြည်သူလူထုကြားထဲမှာ အခိုင်အမာ ဆက်လက် ရှိနေတယ်ဆိုတာ ကြိုးပမ်းပြကြရမယ်၊ အဲဒီလို အဓိက တိုက်တွန်း ပြောကြားပါတယ်။”

“ကြောက်ရွံ့တဲ့ စိတ်ကို ဖယ်ရှားဖို့ ဆိုတာလည်း စည်းလုံးညီညွတ်ခြင်း တည်ဆောက်ဖို့က အဓိက ကျတဲ့အကြောင်း၊ ဒါကြောင့်မို့ အဖွဲ့ချုပ် အဖွဲ့ဝင်ထုက ပြည်သူတွေအထိ သွားပြီးတော့၊ သူတို့နဲ့အတူ လက်တွဲပြီးတော့ လုပ်ဆောင်စရာ ရှိတာတွေကို လုပ်ပြကြပါလို့ အဲဒီလို တိုက်တွန်းနေကြောင်း ထုတ်ပြန်ပါတယ်ခင်ဗျ။”

ဒီတွေ့ဆုံပွဲမှာ NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ဒီနေ့ပွဲဟာ NLD ရဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် ညှိနှိုင်း ဆွေးနွေးကြတာလို့ ဦးတင်ဦးက ပြောပါတယ်။

“ပြည်သူလူထုထဲမှာ ကျွန်တော်တို့ တွေ့ထိ ဆောင်ရွက်နိုင်မဲ့ ကိစ္စအရပ်ရပ်တွေကိုပဲ လက်တွေ့ကျကျ လုပ်နိုင်မှာလေးတွေ ညှိကြတာပေါ့ဗျာ။ တချို့ကိစ္စရပ်တွေနဲ့ ပတ်သက်လို့လည်းပဲ နောက် လုပ်ငန်းအားဖြင့် ပြပြီးတော့ နောက်မှ ဆောင်ရွက်ရမဲ့ ကိစ္စအရပ်ရပ်တွေကိုလည်းပဲ ဆောင်ရွက်တဲ့ နည်းနဲ့ပေါ့၊ အဲဒီတော့ သူတို့ ပြောတဲ့ ဆိုတဲ့ တင်ပြတာ အားလုံးမှာလည်းပဲ ကျွန်တော်တို့ CEC အနေနဲ့ ထပ်မံ ညှိနှိုင်းပြီးရင် လုပ်ငန်းချပြီး ဆောင်ရွက်ပေးမယ်ဆိုတဲ့ အစီအစဉ်တွေကိုလည်း နောင် သူတို့နဲ့ ချပြီးတော့ လုပ်ကိုင်သွားမယ်ဆိုတာပေါ့။”

“အဲဒီပေါ်မှာ မူတည်ပြီး နောက် ဒီ့ပြင် အခြားအခြားသော တိုင်းတွေ ပြောတာဆိုတာတွေ အားလုံး ပါလာဦးမှာပေါ့ဗျာ။ တူတာလည်း ရှိမယ်၊ မတူတာလည်း ရှိမယ်ပေါ့။ အဲဒါတွေ ခြုံငုံ သုံးသပ်ပြီးတော့ ကျွန်တော်တို့ အဖွဲ့ချုပ်အနေနဲ့ ရှေ့လုပ်ငန်းစဉ် ချမှာပေါ့၊ ဒါပါပဲ။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟို အလုပ်အမှုဆောင်တွေနဲ့ ပြည်နယ်၊ တိုင်းအသီးသီးက ဒေသဆိုင်ရာ တာဝန်ခံတွေ တွေ့ဆုံ ဆွေးနွေးကြမဲ့ ပွဲကို ဒီနေ့ကစပြီး မတ်လ ၁၈ ရက်နေ့ထိ ဆက်တိုက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။