အကျဉ်းသားမိသားစုတွေကို ပိုမိုကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် ကတိပြု

ဒီကနေ့ ကျရောက်တဲ့ ၆၂ နှစ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရွှေဂုံတိုင်လမ်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီဇင်ဘာ ၁၀ ရက် ဒီနေ့ နေ့လည်က ကျင်းပခဲ့ပါတယ်။

2010.12.10
assk_prisoners_families_305_z.png ရန်ကုန်မြို့၊ ရွှွေတောင်ကုန်း ကျောင်းတိုက်တွင် နိုဝင်ဘာ ၂၉ ရက်က နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု ဆွေမျိုးသားချင်းများကို ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အလယ်) တွေ့ဆုံနှုတ်ဆက်ပြီး အားပေးစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းကျတွေရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းကျ မိသားစုဝင်တွေက သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအခက်အခဲတွေကို ဝိုင်းဝန်း အဖြေရှာနိုင်မဲ့ နည်းလမ်းတွေကို ရှင်းပြဆွေးနွေးခဲ့တယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

“အခမ်းအနား စလျှင်စချင်းပဲ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေကို တရင်းတနှီး နှုတ်ဆက်ပြီးတော့ အားပေးစကား ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အားပေးစကား ပြောဖို့တောင် မလိုတဲ့ တကဲ့ ကြံ့ကြံ့ခံတဲ့ သတ္တိခဲတွေ ဖြစ်ပါတယ်။ မိသားစုဝင်တွေဟာအခုလို တွေ့ရတဲ့အတွက်လည်း မိသားစုဝင်တွေရဲ့ အားတက်မှုကိုပေါ့လေ၊ သူလည်း အားရမိပါတယ်တဲ့။ ဒါပေမဲ့ ဒီလိုပဲ ကြံ့ကြံ့ခံပြီးတော့ ရင်ဆိုင်သွားကြရတာဟာ မိသားစုတွေ ပုံစံနဲ့ တယောက် တယောက်ကို အကျိုးအကြောင်းတွေ သိနိုင်ဖို့အတွက် ဒီနေ့ တွေ့ဆုံကြတာပါတဲ့။ အဲဒီတော့ အခက်အခဲတွေ ရှိရင်လည်း ပြောပါတဲ့။ ဒီဖက်က ကူညီဖြေရှင်းပေးနိုင်တာတွေ ကူညီ ဖြေရှင်းပေးမယ်၊ အဲလို ဖွင့်ပြီး ပြောပါတယ်ခင်ဗျ။”

အဖွဲ့ချုပ်ပြန်ကြားရေးအဖွဲ့ဝင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဥပဒေအရ လုပ်ဆောင်နိုင်မဲ့ နည်းလမ်းတွေကို ရှင်းလင်း ပြောဆိုခဲ့ကြောင်းနဲ့ လူမှုအထောက်အကူလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဦးနိုင်းနိုင်းက ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဦးဝင်းထိန်တို့လည်း ဝင်ရောက် ဆွေးနွေး ရှင်းပြကြတယ်လို့ ဆိုပါတယ်။

ဒီကနေ့ အခမ်းအနားကို အဖွဲ့ချုပ် ဗဟိုဦးစီး အဖွဲ့ဝင်တွေ ၊ တိုင်းနဲ့ပြည်နယ် အသီးသီးက NLD အဖွဲ့ဝင်တွေ ၊ CRPP အဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အပြင် အကျဉ်းသားမိသားစု ၈၀၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဦးအုန်းကြိုင်နဲ့ RFA မှ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။