ကိုဆွေဝင်း အမှုအတွက် သာသနာရေးဝန်ကြီးဌာနရဲ့ အကြောင်းပြန်စာအပေါ် မဘသ ကန့်ကွက်
2017.04.10

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း စွပ်စွဲခံထားရတဲ့ ပုဒ်မတွေနဲ့ပတ်သက်ပြီး ပြစ်မှုမမြောက်ဘူးဆိုတဲ့ သာသနာရေးဝန်ကြီးဌာနရဲ့ သဘောထား မှတ်ချက်တွေကို ကန့်ကွက်ကြောင်း အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟိုက ဒီကနေ့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။
သာသနာရေးဝန်ကြီးဌာနရဲ့ အကြောင်းပြန်စာမှာ သာသနာတော်ကို အဖျက်သဘောဆောင် ရေးသားထား တာကြောင့် မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာရင် ဝန်ကြီးဌာနတာဝန်သာ ဖြစ်တယ်လို့ မဘသ ဦးဆောင် ဆရာတော်တစ်ပါးဖြစ်တဲ့ ဆရာတော် ဒေါက်တာသောဘာသ က မိန့်ပါတယ်။
"အဲဒီမှာ သူပြောတဲ့ဟာတွေက ရှင်းနေတာပဲ၊ အဖျက်သဘောဆောင်လို့ အဖျက်သဘောဆောင်တယ်လို့ ပြောတာပဲလေ။ အမျိုးသားရေးသမားတွေရော အားလုံးက သူ့သဘောကြောင့် စိတ်သောကဖြစ်နေရတယ်လေ။ ဆန္ဒပြဖို့တောင်လုပ်နေကြပြီလေ။ ဆန္ဒပြခြင်းဆိုတာ မလိုလားအပ်တာတွေပဲပေါ့။ မနှစ်သက်ဖွယ်ဖြစ်နေတာတွေ ကို အခု ပြောဆိုနေကြပြီလေ။ ဒ့ါထက်ပိုပြီး ဆိုးသွမ်းလာရင် အဲဒီဆိုးကျိုးတွေဟာ သူ့ကြောင့်ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေပဲ။ သူ့ရဲ့ကြေညာချက်ကြောင့်မဟုတ်ရင် ထွက်စရာမရှိဘူးလေ။ သာသနာရေးဝန်ကြီးဌာနကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးပေါ့။ အဲ့ဆိုးကျိုးတွေဖြစ်ပေါ်လာရင် ဦးဇင်းတို့က သတိပေးထားတာပေါ့လေ။ အပြုသဘောဆောင်ပြီး သတိပေးထားတာပါ။"
ကိုဆွေဝင်းဟာ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) တို့နဲ့ အမှုဖွင့်ခံထားရ တာဖြစ်ပါတယ်။ အဲဒီစွဲချက်တွေနဲ့ ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာနက သဘောထားမှတ်ချက်ပေးရာမှာ ဦးဝီရသူဟာ သာမာန် ထေရဝါဒ ဗုဒ္ဓဘာသာဝင်တစ်ယောက် စောင့်စည်းအပ်တဲ့ ဝစီဒုစရိုက် ၄ ပါးကို ရဟန်းတော် တပါးအနေဲ့ ကျုးလွန်နေသူဖြစ်ကြောင်းအပါအဝင် အချက် ၆ ချက်ဟာ နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာ၊ အစိုးရ ဂုဏ်သိက္ခာကိုယ် ဖျက်စီးနေတာလို့ မဘသ ဗဟိုရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
သာသနာရေးဝန်ကြီးဌာနဆိုတာ ဗုဒ္ဓသာသနာတော်ကို အားပေးကူညီထောက်ပံ့ဖို့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် သာသနာကို အဖျက်သဘောဆောင်တဲ့ ပြန်ကြားချက်ကို ကန့်ကွက်တာဖြစ်ကြောင်း၊ မလိုလားအပ်တဲ့ အကျိုး ဆက်တွေဖြစ်လာရင် အဲဒီလိုထုတ်ပြန်တဲ့ဝန်ကြီး၊ ဝန်ကြီးဌာနနဲ့ လက်ရှိအစိုးရအဖွဲ့ရဲ့ တာဝန်သာဖြစ်တယ်လို့လည်း ပါရှိပါတယ်။