ကိုဆွေဝင်းကို စွဲဆိုထားတဲ့ပုဒ်မကို ချေဖျက်ပေးဖို့ တင်ပြ
2018.08.23
Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုထားတာကို ချေဖျက်ပေးဖို့ ဒီနေ့ တရားရုံးမှာ တင်သွင်းခဲ့တယ်လို့ ကိုဆွေဝင်းရဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့် က ပြောပါတယ်။
မန္တလေးမြို့ မန္တလေးတိုင်း တရားလွှတ်တော်မှာ ဒီနေ့ပြုလုပ်တဲ့ နှစ်ဘက်လျှောက်လဲချက်ရုံးချိန်းမှာ အခုလို တင်ပြခဲ့တယ်လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။
“တိုင်ကြားသူ ကိုကျော်မျိုးရွှေဟာ သူရဲ့တိုင်ကြားချက်နဲ့ မဟာအောင်မြေမြို့နယ်တရားရုံးရှေ့ ထွက်ဆို ချက်တွေက ကွဲလွဲချက်တွေရှိတယ်။ သူ့ထွက်ဆိုချက်တွေအရရော၊ တိုင်ကြားချက်တွေအရရော ကိုဆွေဝင်းအပေါ်ကို ဘယ်လိုရာဇဝတ်ပုဒ်မမျိုးနဲ့မှ အရေးယူနိုင်တဲ့ အကြောင်းအရာမျိုး မပေါ်ပေါက်ဘူး။ အမှုဆက်လက်စစ်ဆေးခြင်းအားဖြင့် ဦးဆွေဝင်းအနေနဲ့ ကုစားလို့မရနိုင်တဲ့ နစ်နာနိုင်မှုတွေ ပဲဖြစ်နိုင်တယ်။ ဒါကြောင့် သည်အမှုချေဖျက်ပေးဖို့ ဒါကိုလျှောက်လဲတင်ပြတယ်”
ဒီအမှုကို ချေဖျက်လိုက်မယ်ဆိုရင် အမှုကပြီးဆုံးသွားမှာဖြစ်ပြီး ပလပ်လိုက်မယ်ဆိုရင်တော့ မဟာအောင်မြေ တရားရုံး က ရောက်ရှိအဆင့်နေရာက ပြန်လည်စစ်ဆေးရမှာဖြစ်တယ်လို့ ဦးခင်မောင်မြင့်ကပြောပါတယ်။
ဦးဝီရသူကို ဝေဖန်ရေးသားခဲ့တဲ့အတွက် မန္တလေးမြို့ခံဖြစ်တဲ့ တရားလို ဦးကျော်မျိုးရွှေက မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းမှာ ကိုဆွေဝင်းကို တရားစွဲဆိုပေးဖို့ ပြီးခဲ့တဲ့နှစ်မတ်လ ၇ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ တာဖြစ်ပါတယ်။
ဥပဒေအရ အရေးယူလောက်စရာမရှိလို့ အမှုချေဖျက်ပေးမယ်လို့ ယုံကြည်ကြောင်း ကိုဆွေဝင်းရဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။