သံဃနာယကရုံးမှာသာ လာရောက်စစ်ဆေးဖို့ တရားရုံးကို ဦးဝီရသူ လျှောက်ထားချက် ပယ်ချ


2019.01.16
maharaungmyay-court-622.jpg မဟာအောင်မြေမြို့နယ် တရားရုံးကို တွေ့ရစဉ်
Photo: Khaymani Win/RFA

Myanmar Now သတင်းဌာနက အယ်ဒီတာချုပ်ကိုဆွေဝင်း အမှုမှာ တရားလိုပြသက်သေဖြစ်တဲ့ ဦးဝီရသူဟာ အရပ်ဖက် တရားရုံးမှာ အစစ်ဆေးမခံဘဲ သံဃနာယကရုံးမှာသာ လာရောက်စစ်ဆေးဖို့ တရားရုံး လျှောက်ထားချက် ကို မဟာအောင်မြေမြို့နယ် တရားရုံးက  ဒီကနေ့ ပယ်ချလိုက်ပါတယ်။

ဒီကနေ့ ရုံးချိန်းမှာ တရားရုံး တက်ရောက်ပြီး စစ်ဆေးခံရေးမှာ ပျက်ကွက်ခွင့်ပေးဖို့ ကိုဆွေဝင်းက လျှောက်ထားတာ ကို တရားရုံးက ပယ်ချခဲ့သလို ဦးဝီရသူရဲ့ သံဃနာယကရုံးမှာသာ စစ်ဆေးခံခွင့်ပေးဖို့ လျှောက်ထားချက်ကိုလည်း ပယ်ချခဲ့ပါတယ်။

ဦးဝီရသူဘက်က တင်ပြချက်ကို တရားရုံးက ပယ်ချလိုက်တဲ့အတွက်  တရားရုံး ဆင့်ခေါ်စာနဲ့အညီ ရုံးကိုလာရောက် စစ်ဆေးခံရမှာဖြစ်ပြီး ရောက်မလာခဲ့ရင် ဥပဒေနဲ့အညီ ရှေ့ဆက်ဆောင်ရွက်ဖို့ပဲ ရှိတယ်လို့ ကိုဆွေဝင်းရဲ့ ရှေ့နေဖြစ်သူ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

ဦးဝီရသူအပါအဝင် နောက်ထက် ၂ ဦးကို နောက်တစ်ပတ်ရုံးချိန်းမှာ စစ်ဆေးရမှာဖြစ်တယ်လို့ သိရပါတယ်။

ရှေ့နေဦးကိုနီ အသတ်ခံရတဲ့ကိစ္စမှာ လုပ်ကြံသူတွေကို ဦးဝီရသူက ကျေးဇူးတင်စကားဆိုတာဟာ “ရဟန်းတပါးအနေနဲ့ ပါရာဇိကကံ ထိုက်တယ်” ဆိုပြီး သံဃာတော်တပါးရဲ့မှတ်ချက်ပါတဲ့ဆောင်းပါးကို ကိုဆွေဝင်းက facebook စာမျက်နှာမှာ ပြန်ပြီးမျှဝေခဲ့တဲ့အတွက် ဦးဝီရသူရဲ့တပည့် ဦးကျော်မျိုးရွှေက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ၂ဝ၁၇ ခုနှစ် မတ်လက အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

တရားရုံးချိန်းစစ်ဆေးမှုကို အရင်က ရုံးချိန်းတစ်ခုကို တစ်ရက်သာ စစ်ဆေးခဲ့ပေမယ့် ပြီးခဲ့တဲ့လပိုင်းက စတင်ပြီး ရုံးချိန်းတစ်ခုကို နှစ်ရက်ကြာစစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။