ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နံပါတ် (၇) လူနာ နေပြည်တော်မှာ ပြန်လည်ကျန်းမာလာ

သီဟထွန်း၊ သက်စုအောင်
2020.04.06

ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတာကြာင့် နေပြည်တော် ခုတင်-၁၀၀၀ ဆေးရုံမှာ  ကုသမှုခံနေတဲ့ ဆွစ်ဇာလန်နိုင်ငံသူ လူနာအမှတ် (၇) ဟာ၊ ကျန်းမာရေး ပြန်ကောင်းလာပြီလို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်က ပြောပါတယ်။

လူနာအမှတ် (၇) ဖြစ်တဲ့ ကုလသမဂ္ဂဝန်ထမ်း အသက် ၅၈ နှစ်အရွယ်ရှိသူ အမျိုးသမီးဟာ မတ်လ ၁၈ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကနေ ဘန်ကောက်၊ ဘန်ကောက်ကတဆင့် နေပြည်တော်ကို ရောက်ရှိခဲ့ပြီး မတ်လ ၂၆ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာ တွေ့ရတဲ့အတွက် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ ကုသမှုခံယူနေတာဖြစ်ပါတယ်။

အခု ၁၀ ရက်ကျော်အကြာမှာတော့ အဲဒီအမျိုးသမီးဟာ အရင်လို ပိုးတွေ့ (Positive) အနေအထားမဟုတ်တော့ဘဲ၊ ရောဂါပိုးမရှိတော့တဲ့ (Negative) အနေအထားထိ ပြန်လည်ကောင်းမွန်လာတယ်လို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝင် ဦးရဲမင်းဦး က သတင်းထောက်တွေကို ရှင်းပြပါတယ်။

"သူက Negative ဖြစ်သွားပြီ။ ဒါပေမဲ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့နောက်ထပ်လိုအပ်ချက်အရ ထပ်ပြီးတော့ သူ့ကိုတော့ စောင့်ကြည့်နေတာပေါ့။ အကြိမ်ကြိမ်တော့ ထပ်ပြီး ပြန်စမ်းဦးမှာပေါ့။ ပြန်စမ်းလို့ နောက်ဆုံး Negative ဖြစ်သွားပြီဆိုရင် ကျနော်တို့ဆီမှာ နိုင်ငံခြားက ပြန်လာတဲ့သူတောင်မှ Positive မရှိတော့ဘူးလို့ ပြောလို့ရတယ်။ ဒါက ကျနော်တို့ လက်ရှိကြုံနေရတဲ့ အခြေအနေပေါ့။ ဒီအခြေအနေကြီးမှာတော့ ကျနော်တို့ က ဈေးတွေကို ပိတ်ရတဲ့ အခြေအနေကို မရောက်သေးဘူး။ တကယ်လို့ အဲလိုမဟုတ်ဘူး သူကမှတဆင့် သူကပြန်လာတုန်းက မဆင်ခြင်ခဲ့ဘူး။ လျှောက်သွားမယ် အစည်းအဝေးတွေတက်မယ်၊ ဈေးတွေ လျှောက်ဝယ်မယ်၊ ကုန်တိုက်တွေ လျှောက်သွားလို့ တခြားသူတွေ ပြည်တွင်းက နေထိုင်တဲ့သူတွေကို ကူးစက်မှု ရှိခဲ့မယ်၊ ပြည်တွင်းကသူတွေကလည်း အချင်းချင်း ကူးစက်မှုမျိုးပေါ်ခဲ့တယ်ဆိုရင်တော့ ကျနော်တို့ ဈေးတွေလည်း စဉ်းစားရမှာပေါ့။"

ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးဟာ အစကတည်းက သူ့ကိုယ်သူ သံသယရှိတဲ့အတွက် ဟိုတယ်တစ်ခုမှာ သီးခြားနေထိုင်ပြီး စောင့်ကြည့်စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။ ဒါကြောင့် သူနဲ့ ထိတွေ့ခဲ့သူတွေမှာလည်း ရောဂါပိုး မတွေ့ရဘူးလို့ ဦးရဲမင်းဦးက ပြောပါတယ်။

နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မျိုးစုကြည်ကလည်း ၁၀ ရက်ကျော် ကုသမှုခံယူပြီးတဲ့နောက် အဲဒီအမျိုးသမီးကို ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးတဲ့အခါ ရောဂါပိုး မတွေ့တော့ဘူးလို့ အတည်ပြုပါတယ်။

"သူ့အခြေအနေက ကောင်းပါတယ်။ အဖျားတက်တာလည်း မရှိတော့ဘူးပေါ့နော်။ ကျန်တဲ့အခြေအနေ ကလည်း အကုန်လုံး တည်ငြိမ်ပါတယ်။ အဲတော့ ဟုတ်ပါတယ် ၊ ကျမတို့က ဒီ Confirmed Csae တစ်ခုကို အချိန်တစ်ခုခုမှာပေါ့နော် သတ်မှတ်ချက်အရ ကျမတို့က ထပ်စစ်ရတာတွေရှိတယ်။ ဒုတိယအကြိမ်စစ်တဲ့ ဒီဓာတ်ခွဲအဖြေအရတော့ Negative ပါ။ အဲတော့သူက အခြေအနေက ကောင်းတယ်ပေါ့ရှင့်။ အရင်က Positive က ခု ပိုးဒုတိယအကြိမ်စစ်တာမှာ ပိုးမတွေ့ဘူးပေါ့နော်။ အဲဒါလေးကိုတော့ သိရပါတယ်။"

ဒါပေမဲ့ ပိုပြီးသေချာဖို့အတွက် သူ့ကို နောက်ထပ်စစ်ဆေးမှုတွေ  ဆက်လုပ်မှာဖြစ်ပြီး ရောဂါပိုး လုံး၀ မတွေ့တော့ရင် ဆေးရုံက ဆင်းနိုင်ပြီလို့ ဒေါက်တာ မျိုးစုကြည်က ပြောပါတယ်။

အခုလို ပြန်လည်ကောင်းမွန်လာသူတွေရှိသလို တစ်ဘက်မှာလည်း နေပြည်တော် ကောင်စီနယ်မြေမှာ စောင့်ကြည့်ခံရသူ အရေအတွက် တိုးလာပါတယ်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာ (၁)၊ အမှတ် (၃) တပ်မတော် စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းက စောင့်ကြည့်ရေး စင်တာတွေနဲ့ ဆေးရုံတွေမှာ ဧပြီ-၅ ရက် မနေ့ကအထိ ၈၃၆ ဦးကို စောင့်ကြည့် စစ်ဆေးနေပါတယ်။

အဲဒီ ၈၃၆ ဦးထဲက လူဦးရေ ၁၄၀ ကို ပုဗ္ဗသီရိမြို့နယ်က အမှတ် ၃ တပ်မတော် စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ လက်ခံထားတာ ဖြစ်ပါတယ်။

သံသယ လူနာ ငါးဦး ကို ဆေးရုံတင်ထားပြီး ဓာတ်ခွဲစစ်ဆေးတဲ့အခါ ငါးဦးလုံးမှာ ရောဂါပိုး မတွေ့ရဘူးလို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မျိုးစုကြည် က ပြောပါတယ်။

လက်ရှိ အခြေအနေအရ နေပြည်တော်မှာ ဈေးတွေ ပိတ်ဖို့ အစီအစဉ်မရှိသေးဘဲ စောင့်ကြည့်ဆဲ ဖြစ်တယ်လို့ ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦးက ရှင်းပြပါတယ်။

အစိုးရ၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးတွေကို အသီးသီး ဆောင်ရွက်နေသလို နေပြည်တော်၊ ပျဉ်းမနားမှာရှိတဲ့  အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူမှုရေး အသင်းအဖွဲ့တွေကလည်း လူစည်းကားတဲ့ ဈေးတွေ၊ လမ်းမတွေနဲ့ ရပ်ကွက်တွေမှာ ပိုးသတ်ဆေးဖျန်းနေတာ တွေ့ရပါတယ်။

ပျဉ်းမနားမြို့၊ မျှဝေသောလက်များ ပရဟိတအဖွဲ့က ဦးကျော်သူရက မြို့ပေါ်မှာသာမက ရွာတွေ အထိပါ ပိုးသတ်ဆေး လိုက်ဖျန်းပေးတယ်လို့ ပြောပါတယ်။

"နေပြည်တော်သည် ရန်ကုန်၊ မန္တလေးနဲ့ မတူတဲ့ အချက်ရှိပါတယ်။ ဘာတွေလည်းဆိုတော့ ရန်ကုန်၊ မန္တလေးက ရွာတွေနဲ့ ထိစပ်မှု သိပ်မရှိပါဘူး။ ဒီနေပြည်တော်ကျတော့ ရွာတွေနဲ့ ထိစပ်မှုရှိပါတယ်။ ဥပမာ နေပြည်တော် အတွင်း ပျဉ်းမနားဆိုလို့ရှိရင် ဈေးဆိုင်တွေရဲ့ ဝန်ထမ်း ၇၀၊ ၈၀ % က ရွာထဲတွေကနေလာပြီး အလုပ်ဆင်းတာဖြစ်ပါတယ်။ အဲတော့ ရွာတွေကိုလည်း ကျနော်တို့ မေ့ထားလို့မရပါဘူး။ ရွာတွေဘက်က လှည့်လာနိုင်ပါတယ်။ ဒါကြောင့်မလို့ ရွာတွေလည်း လိုက်ဖျန်းပေးပါတယ်။"

ပြည်ပနိုင်ငံက ပြန်လာသူတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့  သံသယရှိတဲ့သူတွေအတွက် နေပြည်တော် က အမှတ် (၃) စစ်ကြောရေးနဲ့  တည်းခိုရေးစခန်းမှာ စောင့်ကြည့်လူနာ တစ်သောင်းခွဲ နေထိုင်နိုင်အောင်  အသင့်ပြင်ဆင်ထားကြောင်း စခန်းရဲ့တာဝန်ခံလည်းဖြစ်  နေပြည်တော်တိုင်းစစ်ဌာနချုပ် အမှတ် (၁) စစ်ဗျူဟာမှူးလည်းဖြစ်တဲ့ ဗိုလ်မှူးကြီး အောင်မြတ်စိုး က သတင်းထောက်တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရှင်းပြခဲ့တယ်။

ဧပြီလ ၅ ရက် ည ၈ နာရီ အချိန်အထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စောင့်ကြည့်လူနာ ၇၈၄ ဦး၊ ပိုးတွေ့ရှိသူ ၂၁ ဦးနဲ့ သေဆုံးသူ တစ်ဦးရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။