ဆွစ်ဇာလန်သံရုံးသစ် ရန်ကုန်မှာ ဖွင့်လှစ်

မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးသစ်ကို မြန်မာနိုင်ငံကိုရောက်နေရှိတဲ့ ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးက မနေ့က ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။

2012.11.04

အခုလို သံရုံးသစ်ဖွင့်ရတာဟာ လက်ရှိနဲ့အနာဂတ်ကာလမှာ မြန်မာနိုင်ငံဟာ ဆွစ်ဇာလန်နိုင်ငံအတွက် အရေးပါတဲ့ နိုင်ငံတခုဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်တာဖြစ်သလို ဆွစ်ဇာလန်နိုင်ငံအနေနဲ့ အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေကို ပေါင်းကူးထားတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံချင်း ပူးပေါင်းဆက်ရေး တိုးမြှင့်လိုတဲ့ ဆန္ဒရှိတယ်ဆိုတာကလည်း ပြသလိုက်တာပါလို့ ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီး ဒီဒီရာ ဘာခေါတား (Didier Burkhalter) က ပြောပါတယ်။

ဒီမျက်နှာစာသစ်ကနေ ၁၉၅၆ ခုနှစ်ကတည်းက တည်ရှိခဲ့တဲ့ မြန်မာနဲ့ ဆွစ်ဇာလန် ၂ နိုင်ငံ တိုက်ရိုက်ဆက်ဆံရေး ကောင်းမွန်ဖို့၊ ၂ နိုင်ငံ လူ့အဖွဲ့အစည်းအကြား ထိတွေ့ဆက်ဆံမှု ပိုမြင့်မားလာဖို့ ကြိုးပမ်းသွားမယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံကို သောကြာနေ့က ရောက်ရှိခိုက်မှာ ဆွစ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံက ကျွမ်းကျင်ပညာရှင် ၁၅ ဦးကို နှစ်စဉ် ဆွစ်ဇာလန်နိုင်ငံကို ဖိတ်ကြားပြီး ဒီမိုကရေစီ၊ လူ့အခွင့်ရေး၊ ဖက်ဒရယ်အစိုးရစနစ်စတဲ့ ပညာရပ်လေ့လာရေးခရီးစဉ်အဖြစ် နှစ်စဉ် ဖိတ်ကြားသွားမယ့်အကြောင်း၊ ပုဂံယဉ်ကျေးမှုနယ်မြေ ကုလသမဂ္ဂ ယူနက်စကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင်ရေး ဆောင်ရွက်နိုင်ဖို့ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ သိန်းလှူဒါန်းမယ့်အကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် ၂၀၁၂ မှာ ဒေါ်လာ ၁၁ သန်းကူညီနေရာက ၂၀၁၃ မှာ သန်း ၂၀၊ ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာ နှစ်စဉ် ၃၅ သန်းအထိ တိုးမြင့်ကူညီသွားမယ့်အကြောင်း ကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။