ဒီပဲယင်းမှာ တိုက်ပွဲနဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ထွက်ပြေးရသူ သုံးသောင်းကျော်လာ

RFA Burmese
2023.11.08
ဒီပဲယင်းမှာ တိုက်ပွဲနဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ထွက်ပြေးရသူ သုံးသောင်းကျော်လာ တိုက်ပွဲနှင့် လေကြောင်းပစ်ခတ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ဒီပဲယင်းမြို့နယ် အနောက်ခြမ်းက ဒေသခံများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။
ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ နိုဝင်ဘာ ၅ ရက်နေ့ကဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေအပြင် လေကြောင်းပစ်ခတ်မှုကြောင့် ဘေးလွတ်ရာထွက်ပြေးနေရတဲ့ ဒေသခံ သုံးသောင်းကျော် ရှိလာပြီလို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ထွက်ပြေးနေရတဲ့ ဒေသခံသုံးသောင်းကျော်ဟာ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ရွာတွေကဖြစ်ပြီး လက်ရှိ စားနပ်ရိက္ခာအခက်အခဲ ရှိနေတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ခံ ကိုမိုးတိမ်က RFA ကို ဒီနေ့ ပြောပါတယ်။

“အကုန်လုံးက အနောက်ခြမ်းမှာရှိတဲ့ ရွာတွေကပါ။ တစ်နေ့တစ်နေ့ ထွက်ပြေးနေရတဲ့ ဒေသခံတွေ ပိုများလာပြီးတော့ စားနပ်ရိက္ခာ မလုံလောက်တာလည်း ရှိတယ်။ တချို့ဆိုရင် ကိုယ်တိုင်နီးစပ်ရာမှာ ရှာဖွေ စားသောက်နေရတယ်”

နိုဝင်ဘာ ၅ ရက်နေ့က ဒီပဲယင်းမြို့နယ်မှာရှိတဲ့ စိုင်ပြင်ရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက် တာကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သား အင်အားရှစ်ဆယ်ခန့်ဟာလည်း နိုဝင်ဘာလ ၇ ရက် နေ့လယ်ပိုင်းကစလို့ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းက ပျံကျရွာထဲမှာ တပ်စွဲထားပြီး ဒီနေ့အထိ ရှိနေသေးတယ်လို့ ကိုမိုးတိမ်က ပြောပါတယ်။

ဒါကြောင့် ပျံကျရွာအပါအဝင် နီးစပ်ရာရွာတွေဖြစ်တဲ့ မန်ကျည်းစောက်၊ ဘုရားထွက်၊ မကျည်းအုပ်၊ အေးသာယာပျံကျ၊ ကြခတ်၊ နှမ်းဘဲလှ၊ ရွှေးဒါးကန်၊ ကျောက်ဖျာကျေးရွာ၊ မဲသည်၊ ဝပါ၊ မှန်သာ၊ သပြေသာ၊ ငြိမ်းချမ်းရွာသစ်၊ ယင်းတွေ၊ လက်တီး စတဲ့ရွာက ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆို ခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။