စစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ဒီပဲယင်းနဲ့ ဖယ်ခုံက ပြည်သူ လေးသောင်းကျော် ထွက်ပြေးရ

2021.11.10
စစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ဒီပဲယင်းနဲ့ ဖယ်ခုံက ပြည်သူ လေးသောင်းကျော် ထွက်ပြေးရ စစ်ကောင်စီတပ်ကြောင့် ဖယ်ခုံပြည်သူတွေ ၂၀၂၁ နိုဝင်ဘာ ၇ ရက်နေ့က ထွက်ပြေးနေရစဉ်
Photo: John Alben

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်နဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်ထဲမှာ စစ်တပ်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုတဲ့အကြောင်းပြချက်နဲ့ နိုဝင်ဘာ ၈ ရက်နဲ့ ၉ ရက် နှစ်ရက်မှာ အိမ်တွေမီးရှို့ဖျက်ဆီးတာကြောင့် ရွာပေါင်း ၅၀ လောက်က လူဦးရေ လေးသောင်းလောက် ဘေးလွတ်ရာထွက်ပြေးနေရပါတယ်။

ဒီပဲယင်းမြို့နယ်ထဲမှာ ရွာ ၃၀ က လူဦးရေ သုံးသောင်း၊ ဖယ်ခုံမြို့နယ်မှာ ရွာ ၂၀ က လူဦးရေ တစ်သောင်း ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။ အဲဒီရွာ တွေဟာ စစ်အာဏာရှင်ကို လက်နက်ကိုင် ခုခံတော်လှန်မှုအားကောင်းတဲ့ ဒေသတွေဖြစ်ပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့မနက်ပိုင်းက စစ်ကိုင်းတိုင်းအထက်ပိုင်း ဒီပဲယင်းမြို့နယ်က ဝန်းရံ၊ ကုန်းရိုးနဲ့ တက်တည် ရွာတွေကို စစ်တပ်က ဝင်ရောက်စီးနင်းနေပြီး နေအိမ်တချို့ကို မီးရှို့ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒီပဲယင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“အခု ဒီပဲယင်းမှာတော့ ဒုတိယ ထန်တလန် လုပ်နေတယ်။ မီးရှို့နေတယ် ရွာတိုင်းရွာတိုင်းကို မီးရှို့နေ တယ်။ ရွာလုံးကျွတ်တွေတော့ မဟုတ်ဘူးပေါ့လေ။ ဒီပဲယင်းမြို့နယ် ဝန်းရံ နောက်တစ်ရွာ ကုန်းရိုးပေါ့ အဲဒီမှာ မီးခိုးတွေ တလိမ့်လိမ့်နဲ့။ ဘယ်နေရာတွေကို အဓိကထား ရှို့သလဲဆိုတော့ အခုလောလောဆယ် တော့ မှန်ဘီလူးနဲ့ လှမ်းကြည့်နေရတဲ့ အနေအထားရော မျက်လုံးနဲ့မြင်ရတာရော တွေ့တဲ့အိမ် ပိုက်စိတ် တိုက်ပြီး ရှို့နေသလိုပါပဲ။ စိတ်ပူရတယ်။ စိတ်ပူရတယ်ဆိုတာက ကျနော်တို့ဆီက ရေနံချေး သုတ်ကြတာ ကိုးဗျ။ ပျဉ်ထောင်အိမ် တော်တော်များများက ရေနံချေးသုတ်ကြတာကိုး”

ဒီပဲယင်း PDF ခေါင်းဆောင် ကိုသုခ ကတော့ မနေ့က ဝင်ရောက်စီးနင်းမှုမှာ ဝန်းရံရွာက ကောက်ရိုးပုံ တစ်ပုံကို စစ်တပ်က စတင်မီးရှို့ရာကနေ နေအိမ်တွေကို ကူးစက်ခဲ့တာဖြစ်ပြီး၊ ကုန်းရိုးရွာက နေအိမ် ငါးလုံးနဲ့ တက်တည် အနောက်ရွာက အိမ်တစ်လုံးကို လူနေအိမ်မှန်းသိလျက်နဲ့ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာလို့ ပြောပါတယ်။

စစ်တပ်ဟာ နိုဝင်ဘာ ၈ ရက် ညပိုင်းကတည်းက ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ရဟတ်ယာဉ် သုံးစင်းနဲ့ အကြိမ်ကြိမ် အင်အားဖြည့်တင်းခဲ့ပြီးတဲ့နောက် ကျေးရွာတချို့ကို ဝင်ရောက်စီးနင်းခဲ့ တာလို့ပြောပါ တယ်။ အဲဒီအချိန်မှာ ကုန်းရိုးရွာက အမျိုးသမီး သုံးယောက်ကို ဓားစာခံအဖြစ် ဖမ်းသွားတယ်လို့ ဒီပဲယင်း PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ အဲဒီသုံးယောက်ဟာ အသက် ၅၀ နဲ့ ၆၀ အရွယ် အမျိုးသမီးတွေလို့သာ သိထားပြီး နာမည်အတိအကျကို စုံစမ်းနေဆဲလို့ ဆိုပါတယ်။

နိုဝင်ဘာ ၈ ရက်နဲ့ ၉ ရက် နှစ်ရက်လုံးလုံး စစ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒီပဲယင်း မြို့နယ် အင်ဘုတ်အုပ်စုက ကျေးရွာ ၇ ရွာ၊ ဆပ်ပြာကျင်းအုပ်စုက ၁၃ ရွာ၊ ပေါင်းတောင်သူ အုပ်စုက ၃ ရွာ၊ နဂါးတွင်းအုပ်စုက ၄ ရွာ၊ စုစုပေါင်း ၂၇ ရွာက ဒေသခံ သုံးသောင်းနီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ PDF တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းကို ဝင်ရောက်စီးနင်းတဲ့ နိုဝင်ဘာလ ၈ ရက် တစ်ရက်တည်းမှာပဲ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် လတူးရွာအနီးက PDF စခန်းကို စစ်တပ်က ဝင်တိုက်ပြီး၊ အနားမှာရှိတဲ့ ရွာကိုပါ မီးရှို့သွားတယ်လို့ ဖယ်ခုံ PDF တပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီရွာကို မဝင်ခင်မှာသူက PDF စခန်းတစ်ခုပေါ့နော် အဲဒါကို မီးရှို့တယ်။ PDF စခန်းကို ဝင်ရှို့တယ် နောက်ပြီး ဆက်စပ်နေတော့ ရွာကိုပါတစ်ခါတည်း သိမ်းကျုံးပြီးတော့ မီးရှို့ပစ်လိုက်တာပေါ့နော်၊ အဲဒီလိုမျိုး ဖြစ်နေတယ်။ ရွာကို တစ်အိမ်မှ မကျန်လောက်ဘူးထင်တယ်၊ ကျနော်တို့က အဲဒီမှာ အနီးကပ် သွားကြည့်လို့လည်း မရတော့ အဝေးကနေပဲ ကြည့်လိုက်ရတာ”

အဲဒီဒေသတစ်ဝိုက်မှာ အရင်ရက်တွေကတည်းက တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တပ်က အင်အားအလုံးအရင်းနဲ့ PDF စခန်းဘက်ကို ထိုးစစ်ဆင်တာကြောင့် စခန်းကနေ ဆုတ်ပေးလိုက်ရတဲ့အတွက် စခန်းမှာကျန်ခဲ့တဲ့ ရိက္ခာတချို့ကို စစ်တပ်က မီးရှို့သွားတယ်လို့လည်း သူက ဆိုပါတယ်။

နိုဝင်ဘာလဆန်းကစလို့ ဖယ်ခုံမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်တပ်ဘက်ကလည်း PDF တွေကို အင်အားသုံး နှိမ်နင်းတာ၊ အနီးအနားမှာရှိတဲ့ ကျေးရွာတွေကို ဝင်ရောက်စီးနင်းတာ၊ မီးရှို့ဖျက်ဆီးတာ တွေ ဆက်တိုက်လုပ်လာပါတယ်။ ဒါကြောင့် ဖယ်ခုံနဲ့ မိုးဗြဲမြို့နယ်က လွယ်ဟွဲ၊ စက်တော်၊ ခေါင်အိ၊ လွယ်လုံ ကုန်းဆုံ၊ လွယ်ပါသာ၊ ပူချယ်ရွာ အပါအဝင် စုစုပေါင်း ကျေးရွာ ၂၀ လောက်က ဒေသခံ တစ်သောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

"ရွာတိုင်း ရွာတိုင်းကို မီးရှို့နေတယ်”

စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်အနေနဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးစရာအကြောင်းမရှိတာကြောင့် ဒါဟာ စွပ်စွဲချက်တွေသာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“စစ်ကိုင်းတိုင်းဘက်မှာ နယ်မြေလုံခြုံရေးအတွက် ဆောင်ရွက်နေတာတွေရှိပါတယ်။ ရွာတွေ မီးရှို့ဖျက်ဆီး ခဲ့တယ် ဘာညာဆိုတာတော့ မရှိပါဘူး။ ရှိစရာလည်း အကြောင်းမရှိပါဘူး။ ကျနော်ပြောသလို ထန်တလန် ကိစ္စတုန်းကကို တချို့ကိစ္စတွေက သူတို့ကတော့ မီးရှို့ပြီးတော့ ဒါစွပ်စွဲနေတဲ့ဟာမျိုးတွေရှိတယ်။ မနေ့ ကတော့ ဖယ်ခုံဘက်မှာတော့ မြို့ရဲ့ အနောက်တောင်ဘက်လောက်မှာ PDF အမည်ခံ အကြမ်းဖက် ၁၅ ဦးလောက်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ အဲဒီကနေပြီး ကျနော်တို့ လက်နက်ခဲယမ်းတချို့ သူတို့ရဲ့ လေ့ကျင့်ရေး ကွင်းတွေရယ်၊ တဲတွေရယ် သိမ်းဆည်းရမိခဲ့တဲ့ ဖြစ်စဉ်တွေရှိတယ်၊ ဒါမနေ့က ၁၂ နာရီ လောက်မှာ ဖြစ်တဲ့ဟာပါပဲ။ ဒီဖြစ်စဉ်တွေပဲ ရှိပါတယ်”

pekon-grandmother.jpg
(ထွက်ပြေးနေရတဲ့ ဖယ်ခုံပြည်သူတွေကို ၂၀၂၁ နိုဝင်ဘာ ၇ ရက်နေ့က တွေ့ရစဉ်) Photo: John Alben

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ရွာတွေကိုဝင်စီးပြီး မီးရှို့ ဖျက်ဆီးတာ၊ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာတွေဟာ လူအခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်တယ်လို့ ပြောပါတယ်။

“သေဆုံးမှ နှိပ်စက်ခံရင်းနဲ့ သေဆုံးမှ လူ့အခွင့်အရေး ချိုးဖောက်မှု မဟုတ်ပါဘူး။ ပြည်သူလူထုကို မတရား ဖမ်းဆီးတာ ကျေးရွာတွေ ဖျက်ဆီးတာ နောက်တစ်ခါ တွေ့သမျှလူတွေကို အကုန်လုံး နှိပ်စက်ဖမ်းဆီးပြီး တော့ လုပ်ဆောင်တဲ့ ကိစ္စအားလုံးဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်ပါတယ်။ ဒါမျိုးကိစ္စနဲ့ပတ်သက် လို့ ကျနော်တို့ တိုင်ကြားမှုတွေကတော့ သိန်းနဲ့ချီပြီးတော့ရှိပါပြီ။ ဒါပေဲ့ ဒီလိုမျိုးအရာအားလုံးကို ကျနော်တို့ အနေနဲ့ သေချာခိုင်လုံစွာ စုံစမ်းစစ်ဆေးပြီးတော့မှ ဥပဒေပိုင်းဆိုင်ရာ လုပ်ဆောင်ရတာဖြစ်ပါတယ်”

ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်လို့ တိုင်ကြားလာတဲ့ကိစ္စတွေကို တိကျခိုင်လုံမှုရှိအောင် စစ်ဆေးမေးမြန်းပြီး စနစ်တကျ မှတ်တမ်းပြုစုနေတယ်လို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းတုန်းကလည်း ဖယ်ခုံမြို့နယ် လွယ်ဟွဲရွာက နေအိမ်သုံးလုံးကို စစ်တပ်က မီးရှို့သွားခဲ့သလို၊ နိုဝင်ဘာ ၈ ရက်ညကတော့ စစ်တပ်က ထောင်ထားတဲ့မိုင်းနင်းမိလို့ လွယ်ဟွယ်ရွာက အသက် ၄၀ ကျော်အရွယ် ဦးမိုးကျော်ဟာ ခြေတစ်ဖက် ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။