ဒီပဲယင်းမှာ ဒေသခံ လေးဦး သတ်ဖြတ်ခံရပြီး ဆယ်ဦး ဆက်လက်ဖမ်းဆီးခံထားရ

RFA Burmese
2024.01.19
ဒီပဲယင်းမှာ ဒေသခံ လေးဦး သတ်ဖြတ်ခံရပြီး ဆယ်ဦး ဆက်လက်ဖမ်းဆီးခံထားရ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က တွေ့ရစဉ်။
ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းခေါ်သွားတဲ့ ဒေသခံ ၁၄ ဦးအနက် လေးဦးရဲ့ ရုပ်အလောင်းတွေကို ဇန်နဝါရီလ ၁၉ ရက် ဒီနေ့မနက်ပိုင်းမှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့က အင်အားတစ်ရာခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းက မဲအိုးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံ ၁၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ အဲဒီနောက် မဲအိုးရွာနဲ့ ရွာချင်းကပ်လျက်ဖြစ်တဲ့ လက်ယက်ကုန်းရွာမှာ ညအိပ်ခဲ့ပြီးနောက် စစ်ကြောင်းပြန်ထွက်စဉ်မှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

လက်ယက်ကုန်းရွာရဲ့ ရွာအလယ် ဘုရားနှစ်ဆူရဲ့ ဘေးပတ်ပတ်လည်မှာ တွေ့ရှိခဲ့တာ ဖြစ်ပြီး သေဆုံးသူတွေဟာ ကိုယ်အင်္ဂါအစိတ်ပိုင်းတွေ အပိုင်းပိုင်း ခုတ်ဖြတ်ခံထားရသလို မီးရှို့သတ်ဖြတ်ခံထားရတဲ့ အလောင်းတစ်လောင်းကိုလည်း တွေ့ခဲ့ရတယ်လို့ အမည် မဖော်လိုတဲ့ လက်ယက်ကုန်းရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တစ်လောင်းက လည်လှီးသတ်ခံထားရတာ ခေါင်းတော့ မပြတ်ဘူး။ ကျန်တဲ့ နှစ်လောင်းကတော့ တော်တော်လေး ရုပ်ပျက်ဆင်းပျက် ညှဉ်းပန်းနှိပ်စက်ပြီး သတ်ခံရတဲ့ ပုံစံပါပဲ။ ခေါင်းတခြား၊ ကိုယ်တခြား၊ ခြေတွေ၊ လက်တွေ အကုန်လုံး တစစီပါပဲ။ နောက်ထပ် အမျိုးသမီးလို့ ယူဆရတဲ့ အလောင်းကိုတော့ နေအိမ်တစ်လုံးထဲထည့်ပြီး မီးရှို့ပြီး ထားခဲ့တာ”

ကိုယ်အင်္ဂါ အပိုင်းပိုင်း ခုတ်ဖြတ်ခံထားရတဲ့ အလောင်းသုံးလောင်းဟာ မဲအိုးရွာခံတွေဖြစ်တဲ့ အသက် ၃၀ နဲ့ ၄၀ အရွယ်ကြားရှိ ကိုဇော်ဝင်း၊ ကိုအောင်မြင့်ကျော်နဲ့ ကိုထွန်းတို့ဖြစ်ပြီး မီးရှို့သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးအလောင်းကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကြောင်းဟာ ဒီနေ့မှာတော့ လက်ယက်ကုန်းရွာရဲ့ အရှေ့ဘက်ကို ဦးတည်ထွက်သွားပြီး ဖမ်းဆီးခံထားရဆဲ ဒေသခံ ဆယ်ဦးကိုလည်း စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၄၃၈၅ ဦးအထိ ရှိလာပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။