တာချီလိတ်ခရိုင်က ပျက်စီးလယ်ဧက ၃ဝဝ အတွက် ရွှေတူး ကုမ္ပဏီတွေ လျှော်ကြေးပေးမည်
2014.08.06

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲ၊ မိုင်းလင်းအနောက် ကျေးရွာအုပ်စု နားဟိုင်းလုံကျေးရွာနဲ့ ဝိန်းမနော်ကျေးရွာတွေမှာ မိုင်းလင်းရွှေတူးဖော်ရေးလုပ်ငန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေဧက ၃၀၀ ကျော်အတွက် ကုမ္ပဏီ ၃ ခုက တစ်ဧကကို ငွေကျပ် ၆သိန်းကျော် လျော်ကြေးပေးမယ် လို့ သိရပါတယ်။
တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ မနေ့က တွေ့ဆုံ ညှိနှိုင်းရာမှာ ကုမ္ပဏီတွေဘက်က လျော်ကြေးပေးဖို့ ကတိပေးခဲ့တာဖြစ်ကြောင်း နားဟိုင်းလုံကျေးရွာ က ဒေသခံတောင်သူ မနန်းလာက အခုလိုပြောပါတယ်။
"ကျမတို့ ရွာသူရွာသားတွေ တောင်းဆိုတဲ့အချက် ၃ ချက်ပဲ ဦးတည်ပြီးတော့ ဆွေးနွေးသွားမယ်ရှင့်၊ အချက်တွေက သူတို့လုံးဝရပ်ဆိုင်းရမယ်၊ လယ်ယာမြေတွေကို လာပြုပြင်ပေးရမယ်ရှင့်၊ သူတို့လျှော်ကြေးပေးဖို့ အတွက် ဌာနဆိုင်ရာတွေ ကွင်းဆင်းပြီးတော့ စစ်ဆေးဦးမှာရှင့်၊ စစ်ဆေးတဲ့အချိန် ၁ဝ ရက် အတောအတွင်းမှာ သူတို့အပြီးစစ်ဆေးပြီး လျှော်ကြေးပေးမယ်ပြောပါတယ်"
တာလေမြို့နယ်က မိုင်းလင်းရွှေတူးဖော်ရေးမှာ လွိုင်ခမ်းလုံ၊ စိုင်းတစ်၊ ရွှေတောင်၊ စိုင်းစိုက်ပျိုးရေး ကုမ္ပဏီတွေက တာဝန်ယူလုပ်ကိုင်နေကြတာဖြစ်ပါတယ်။
အဲ့ဒီကုမ္ပဏီ ၄ ခုထဲက လွိုင်ခမ်းလုံ၊ ရွှေတောင်နဲ့ ‘စိုင်း’ စိုက်ပျိုးရေးကုမ္ပဏီတွေက လယ်ယာမြေဧက ၃၀၀ ကျော် အတွက် လျော်ကြေးပေးမှာဖြစ်သလို ပြန်လည် စိုက်ပျိုးလို့ရအောင် ပြုပြင်ပေးသွားမှာဖြစ်ပြီး ရွှေလုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းပေးမယ်လို့ ကုမ္ပဏီတွေဘက်က ကတိပေးကြောင်း တောင်သူတွေက ပြောပါတယ်။