တာချီလိတ် အရှေ့မြောက်ဖက် မှာ မြောက်ကိုရီးယား ၆ဝ ကျော်ကို သူပုန်တွေဖမ်းထား
2013.07.12
မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ဒုက္ခသည် ၆၄ ယောက်ကို ရှမ်းပြည်နယ်တောင်ပိုင်း တာချီလိတ်မြို့ အရှေ့မြောက်ဖက် မိုင် ၅ဝ ဝန်းကျင်လောက်မှာ ဒေသခံလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပြန်ပေးဆွဲထားတယ်လို့ တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကင်မ်ဟီတေး (Kim Hee-Tae) ဆိုသူက ဒီနေ့ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။ သူတို့ကို အဓမ္မအလုပ်ခိုင်းစေနေသလို၊ လွှတ်ပေးဖို့တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၅ ထောင် ပြန်ပေးငွေတောင်းနေတယ်လို့လဲ မစ္စတာတေးကို ကိုးကားပြီး ကိုရီးယားနေ့စဉ်သတင်းစာ Yonhap က ဒီကနေ့ရေးပါတယ်။
မြောက်ကိုရီးယားကနေ တရုတ်နိုင်ငံကိုဖြတ်ပြီး ရှမ်းပြည်နယ်အစပ်ကတဆင့် ထိုင်းနိုင်ငံကို ထွက်ပြေးလာလေ့ရှိတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ကျွန်ပြုခိုင်းစေခံရမှုတွေကို လေ့လာနေတဲ့ တောင်ကိုရီးယား လူမှုရေးအဖွဲ့တစ်ဖွဲ့ဆီကနေတဆင့် သိရှိတာဖြစ်တယ်လို့လဲ ကင်မ်ဟီတေးကပြောပါတယ်။
အဲဒီဒေသမှာဖမ်းထားတဲ့ မြောက်ကိုရီးယား အမျိုးသားတွေကို ဘိန်းစိုက်ပျိုးခင်းတွေမှာ အလုပ်ခိုင်းထားပြီး၊ အမျိုးသမီးတွေကို ဘိန်းနဲ့အရက်ချက်စက်ရုံတွေမှာ အလုပ်ခိုင်းတာတွေ ရှိနေတယ်လို့လဲဆိုပါတယ်။
ဒါကြောင့် အဲဒီလူတွေ လွတ်မြောက်ရေးကြိုးပမ်းမယ့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို သူ့အနေနဲ့စီစဉ်မယ်လို့ ကင်မ်ဟီတေးကပြောပါတယ်။ ဒီလိုပြောဆိုချက်နဲ့ ပတ်သက်လို့ တောင်ကိုရီးယားအစိုးရက တကယ်ဟုတ်-မဟုတ် အတည်ပြုချက်ရဖို့ ကြိုးစားနေတယ်လို့ တောင်-မြောက်နှစ်နိုင်ငံပေါင်းစည်းရေး ဝန်ကြီးဌါန ပြောခွင့်ရသူကပြောဆိုပါတယ်။