တာချီလိတ်မြို့ပေါ် ၅ ရပ်ကွက် ရေကြီး၊ လူ ၂၀၀၀ ကျော် ရေဘေးသင့်
2017.08.18

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ တောင်ကျချောင်းရေတွေ စီးဆင်းလာတဲ့အတွက် ထိုင်းမြန်မာနှစ်နိုင်ငံ နယ်စပ်ဖြစ်တဲ့ မယ်ဆိုင်ချောင်းရေမြင့်တက်လာပြီး ရေကြီးနေတာကြောင့် တာချီလိတ်မြို့ပေါ် ၅ ရပ်ကွက် မှာနေထိုင်ကြတဲ့ လူဦးရေ ၂ ထောင်ကျော် ရေဘေး ဒုက္ခကြုံတွေ့နေရသလို ပျက်စီးဆုံးရှုံးမှှု အများအပြားရှိခဲ့ပါတယ်။
ဒီကနေ့ မနက် ၅ နာရီလောက်ကစပြီး တောင်ကျရေစီးဆင်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး တာချီလိတ်မြို့တွင်းမှာရှိတဲ့ တာလော့၊ ပုန်းထွန်၊ မကာဟိုခမ်း၊ ဆန်ဆိုင်းနဲ့ မယ်ခေါင် ရပ်ကွက်တွေထဲကို ရေ ဝင်ရောက်လာတာဖြစ်တယ်လို့ တာချီလိတ်ခရိုင် အထွေထွေအုပ်ချူပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောပါတယ်။
"မယ်ဆိုင်ချောင်းကလည်း ချောင်းဖျားမှာ မိုးကြီးတော့ ချောင်းရေ ပိုများလာတယ်၊ နောက် မယ်ခေါင် မြစ်က လည်း အောက်မှာ သာမန်ရေစီးမြစ်ထက် ၁ ပေနဲ့ ၈ လက်မလောက် တက်လာတဲ့အခါကျတော့ အောက် ကရေတောင့်တယ် အပေါ်က ရေဆင်းတာများတဲ့ အခါကျတော့ ကျနော်တို့ တာချီလိတ်မြို့တွင်း ရေ ဝင်ရောက်မှုဖြစ်တာပေါ့၊ တချို့နေရာ လေးပေလောက် တချို့နေရာလည်း ငါးပေလောက် တချို့လည်း ခြောက်ပေ ဝန်းကျင်လောက်တော့ ရေတက်ပါတယ်ဗျ၊ ထိခိုက်ဒဏ်ရာရမှု မရှိဘူး၊ သေဆုံးတာလည်း မရှိဘူး၊ နောက် ပျက်စီးဆုံးရှုံးမှုကျတော့ ကျနော်တို့ မှန်းလို့မရသေးဘူးပေါ့နော်၊ လက်တလောမှာ အိမ်ခြေ အားလုံးပေါင်း ၇၁၀ ဗျ၊ ပျမ်းမျှကတော့ ကျနော်တို့ သုံးယောက်လောက်နဲ့ တွက်ပါတယ်။ လူဦးရေ ၂၁၀၀ လောက်ပေါ့ မိသားစုဝင် အဲလို မှန်းလိုက်ပါတယ်"
သြဂုတ်လ ၁၅ ရက်နဲ့ ၁၆ ရက်တွေကလည်း တာချီလိတ်မြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် မြို့တွင်းနေရာတချို့မှာ အခုလို ရေကြီးမှုဖြစ်ပေါ်ခဲ့ပေမယ့် ခေတ္တခဏအတွင်းမှာ ရေပြန်ကျသွားခဲ့ပြီး အခု တစ်ကြိမ်ရေကြီးမှုက ပိုများပြီးချက်ချင်းရေမကျပဲ ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လောလောဆယ် ရေဘေးသင့်ပြည်သူတွေကို တာချီလိတ်မြို့မှာရှိတဲ့ လူမှုကူညီရေးအဖွဲ့တွေ အပါအဝင် အရန် မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တပ်မတော် ဝန်ထမ်းတွေက အကူအညီတွေပေးနေပြီး သောက်ရေနဲ့ ထမင်းထုတ်တွေလည်း လိုက်လံဝေငှပေးနေတယ်လို့ ဦးတင်ဝင်းရွှေက ပြောပါတယ်။
ဒီကနေ့ ညနေ ၂ နာရီလောက်မှာတော့ ရေကြီးမှုဟာ တန့်သွားခဲ့ပေမယ့် မိုင်းဆတ်မြို့နယ် မယ်ဆိုင်ချောင်းဖျားမှာ မိုးထပ်မံရွာသွန်းမယ့် အခြေအနေရှိတာကြောင့် ရေထပ်ကြီးလာနိုင်တဲ့ အနေအထားရှိနေတယ်လို့လည်း မြို့ခံပြည်သူတွေက ခန့်မှန်းနေကြပါတယ်။
လက်ရှိ တာချီလိတ်မြို့မှာတော့ တာလော့ဈေးကို ပိတ်ထားလိုက်ရပြီး အရောင်းအဝယ်တွေလည်း ရပ်ဆိုင်းသွားခဲ့ တယ်လို့ တာချီလိတ်မြို့ခံ ဦးတင်မြင့်ဝင်းက ပြောပါတယ်။
"ဟုတ်ကဲ့ ရေကြီးတာကတော့ တော်တော်လေး များတယ်ဗျ၊ အနိမ့်ပိုင်းရပ်ကွက်တွေက မြုပ်နေတယ်။ ပုန်းထုန် ရပ်ကွက်မှာဆိုရင် ခါးလောက်ကို မြုပ်နေတယ်။ အိနိမ့်ပိုင်းတွေ အကုန်လုံးပေါ့နော်၊ တာလော့ဈေး နောက် တံတားနားက ရွှေနန်းတော်ကုန်တိုက် အကုန်လုံး ရေမြုပ်ပါတယ်။ အရောင်းအဝယ်တွေကတော့ နားထားရ တာပေါ့ဗျာ၊ ဈေးမထွက်နိုင်ပါဘူးဗျနော်။ ပျက်စီးဆုံးရှုံးမှုကတော့ မြေပြိုတာတွေ ရှိတယ်ဗျာ၊ ပျက်စီးဆုံးရှုံးမှုကတော့ များပါတယ်၊ ပုန်းထုန်ရပ်ကွက်မှာ များပါတယ်။ ငွေတောင်ဦးကမ္မဌာန်းကျောင်း အဲဒီဘေးနားက တောင်ကပြိုလို့ အဆောက်အဦးပျက်သွားတယ်၊ ကလေးတစ်ယောက် ဒဏ်ရာရတယ်။ ခုတော့ နည်းနည်းတန့်သွားပါပြီ"
ရေဘေးဒုက္ခသည်တွေအတွက် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ နေရာချပေးထားဖို့ မြို့နယ်တာဝန်ရှိသူတွေ က ပြင်ဆင်ထားတာရှိပေမယ့် ရေဘေးသင့်ပြည်သူတချို့ကတော့ နီးစပ်ရာ ဆွေးမျိုးအိမ်တွေမှာ ပြောင်းရွှေ့နေ ထိုင်တာရှိသလို တချို့ကတော့ ရေအတက်အကျကို စောင့်ကြည့် နေကြတယ်လို့လည်း သိရပါတယ်။