တာချီလိတ်တဝိုက် ရေကြီး တံတားတစ်စင်း ပျက်စီး


2017.09.02
tachileik-flooding-622 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်းမှာ ရေကြီးရေလျှံဖြစ်နေတာကို တွေ့ရစဉ်
Photo: Aung Moe Myint/RFA

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်းမှာ အခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေရာ သုံးနေရာမှာ ပျက်စီးမှုနဲ့ ရေကြီးရေလျှံတာတွေ ဖြစ်ခဲ့သလို ဒေသခံပြည်သူတွေကိုလည်း သတိပေးထားတယ်လို့ တာချီလိတ်ခရိုင် အုပ်ချူပ်ရေးမှူးက ပြောပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့ ပါလျှိုးအုပ်စု၊ တာလေမြို့ နားဟိုင်းလုံကျေးရွာနဲ့ မိုင်းဖြတ်မြို့တွေမှာ တောင်ကျချောင်းရေတွေ ရုတ်တရက် စီးဆင်းလာပြီး ရေကြီးရေလျှံမှုနဲ့ ပျက်စီးမှုတွေ ဖြစ်ခဲ့တာလို့ တာချီလိတ်ခရိုင် အုပ်ချူပ်ရေးမှူး ဦးတင်ဝင်းရွှေက အခုလို ပြောပါတယ်။

"လတ်တလောတော့ ကျနော်တို့ တာချီလိတ်မြို့ပေါ်မှာ ရေကြီးတယ်ဆိုတဲ့ဟာကတော့ ချောင်းရေ နည်းနည်းမြင့်တက်တယ်၊ ချောင်းနဲ့ကပ်နေတဲ့ဟာတွေ ရေဝင်တယ်။ ကျနော်တို့ တာချီလိတ်မြို့နယ် တာလေ - ကျိုင်းလပ် လမ်းပေါ်ပေါ့နော်၊ ဝမ်ပုံကျေးရွာနားမှာရှိတဲ့ ပေ ၂၀ တံတားကတော့ ညကရေကြီး တဲ့အတွက်ကြောင့်မို့လို့ တံတားတစ်စင်းပါသွားတယ်။ ကွန်ကရစ် တံတားတစ်စင်းပေါ့၊ နောက်တစ်ခုက ဒီနေ့မနက် ၂ နာရီလောက် တာလေမြို့ပေါ့၊ မြို့ထဲမှာရှိတဲ့ နမ့်ဟိုင်းလုံကျေးရွာတော့ တောင်ကျရေဆင်း လာလို့ တံတားပိတ်သွားတဲ့အတွက်ကြောင့် နုန်းတို့၊ သစ်ကိုင်းတို့၊ သစ်ပင်တို့ ပိတ်သွားတဲ့အခါကြတော့ ရွာထဲကိုဖြတ်စီးတယ်။ အဲ့ဒါကတော့ အိမ်ခြေ ၁၂ လုံး ရေဝင်တယ်။ လူအသက်သေတာ မရှိပါဘူး။ တိရိစ္ဆာန်တချို့ကတော့ အသေအပျောက်တော့ ရှိကောင်းရှိနိုင်ပါတယ်။ ဒါကိုတော့ ကျနော်တို့ စာရင်းကောက်ယူဆဲ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ သုံးခုဖြစ်တာပေါ့နော်၊ မိုင်းဖြတ်မှာက ၁ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ မြို့အဝင် ပေ ၃၀ ဝန်းကျင်ရှိတဲ့ တံတားပေါ့ မြေနှိမ့်ဝင်သွားတယ်"

ပျက်စီးခဲ့တဲ့ တံတားတွေကိုတော့ ဒေသခံပြည်သူတွေ အမြန်ဆုံးပြန်လည်သွားလာနိုင်အောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆောင်ရွက်နေပြီး ရေကြီးရေလျှံဖြစ်ခဲ့တဲ့ နေရာတွေကိုတော့ မြို့နယ်အုပ်ချူပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေက သွားရောက်ကြည့်ရှုပြီး စာရင်းကောက်ခံမှုတွေ လုပ်ဆောင်နေတယ်လို့ ဦးတင်ဝင်းရွှေက ဆက်ပြောပါတယ်။

တာချီလိတ်ခရိုင်အတွင်းမှာ အခုလို မိုးအဆက်မပြတ်ရွာသွန်းမှုတွေရှိလာရင် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်တတ် တာကြောင့် တာချီလိတ်မြို့အပါအဝင် မြို့နယ်အသီးသီးကို သတင်းဂျာနယ်တွေနဲ့ အင်တာနက် လူမှုစာ မျက်နှာတွေကတဆင့် သတိပေးပြောဆိုထားတယ်လို့လည်း ဆိုပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့တုန်းကလည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တာချီလိတ်မြို့ပေါ် ၅ ရပ်ကွက် မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး နေအိမ်တွေ ရေနစ်မြုပ်ခဲ့တာကြောင့် လူဦးရေ နှစ်ထောင်ကျော် ရေဘေး ဒုက္ခနဲ့ ကြုံတွေ့ခဲ့ကြရပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။