မူးယစ်ဆေး သိန်း ၅ သောင်းကျော်ဖိုး တာချီလိတ်မှာ ဖမ်းမိပြန်


2015.07.26

ကျပ်ငွေ သိန်းပေါင်း ၅ သောင်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ မူးယစ်ဆေးထုတ်လုပ်တဲ့ စက်ပစ္စည်းတွေ နဲ့အတူ တရားခံ ၃ ဦးကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က တာချီလိတ်မြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ဇူလိုင်လ ၂၅ ရက် နေ့က တာချီလိတ်မြို့နယ် မိုင်းကိုးအုပ်စု မယ်လိပါကော်ရွာက ဖါးဖါ ဆိုသူရဲ့ နေအိမ်နဲ့ ရာဘာခြံထဲမှာ ဝင်ရောက်ရှာဖွေခဲ့ရာက ဖမ်းဆီးမိခဲ့တာ ဖြစ်တယ်လို့ တာချီလိတ် မူးယစ်တပ်ဖွဲ့စု ၃ဝ က ရဲအုပ် အောင်ကျော်စိုးက RFA ကို အတည်ပြု ပြောဆိုပါတယ်။

"ဒီ ၂၅ ရက်နေ့က သတင်းရရှိထားတဲ့ မိုင်းကိုးအုပ်စု မယ်လိပါကော်ရွာက တောင်ယာတဲထဲမှာ သွားပြီးတော့ ဖမ်းတာ၊ စိတ်ကြွဆေးပြားတွေရော၊ နောက်တစ်ခါ စိတ်ကြွဆေးမှုန့် ၂၄၈ ကီလို၊ ယာအိုက်စ်က ၉ ကီလို၊ ဘိန်းဖြူ ၁၆ ဂရမ်နဲ့ စိတ်ကြွဆေးပြားရိုက်နေတဲ့ တန်းလန်းနဲ့မိတာပေါ့နော်၊ မူးယစ်ဆေးဝါးနဲ့ ဘိန်းဖြူ တန်ဖိုးကတော့ ကျပ်သိန်းပေါင်း ၅ သောင်းကျော်လောက် ခန့်မှန်းထားတယ်"

ဖမ်းဆီးရမိတဲ့ထဲမှာ ယာဘ ခေါ်တဲ့ စိတ်ကြွဆေးပြား ၊ စိတ်ကြွဆေးမှုန့်၊ ယာအိုက်စ်၊ ဘိန်းဖြူ၊ ကဖင်း၊ စိတ်ကြွဆေးပြားရိုက်စက်၊ လက်လုပ်သေနတ် တစ်လက်နဲ့အတူ တခြားဆက်စပ်ပစ္စည်း ၂၃ မျိုးကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့တုန်းကလည်း တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်က အိမ်တစ်အိမ်မှာ ကျပ်ငွေ သိန်းသုံးသောင်းကျော်ဖိုး စိတ်ကြွမူးယစ် ဆေးဝါးတွေနဲ့အတူ ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေကိုလည်း မဲခေါင် စစ်ဆင်ရေးအဖွဲ့ကပဲ ဖမ်းဆီးရမိခဲ့တယ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။