တာချီလိတ်က အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ ၁၃ ဦး ဖမ်းဆီးထားကြောင်း စစ်ကောင်စီပြော
2025.02.14

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက်ထဲမှာ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံသားတွေအပါအဝင် ၁၃ ဦးကို ဖမ်းဆီးရမိထားကြောင်း ဖေဖော်ဝါရီ ၁၅ ရက် ဒီကနေ့မှာ စစ်ကောင်စီတပ်က သတင်းထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံသား အမျိုးသား ခုနစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး ငါးဦး စုစုပေါင်း ၁၃ ဦးကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ငွေလိမ်လုပ်ငန်း ဦးဆောင်သူတွေဖြစ်တဲ့ ချင်းမိုင်မြို့မှာနေထိုင်တဲ့ ထိုင်းနိုင်ငံသား ဝယ်ဆန်နဲ့ ဇနီးဖြစ်သူ ရန်ကျူးတို့အပြင် ဆက်စပ်တရားခံတွေကို ဥပဒေနဲ့အညီ အမြန်ဆုံးတရားစွဲဆို ဖမ်းဆီးနိုင်ဖို့ ဆက်လက် ဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသားတွေဟာ မြန်မာနိုင်ငံက တာချီလိတ်မြို့ကို အလည်အပတ်ဗီဇာနဲ့ အလုပ်လုပ်ဖို့ လာခဲ့ရာကနေ တရားမဝင်အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ငန်းတွေမှာ ပါ၀င်လုပ်ကိုင်ခဲ့ကြတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူတွေနဲ့အတူ ငွေလိမ်လုပ်ငန်းလုပ်ကိုင်ရာမှာ အသုံးပြုတဲ့ ဖုန်း၊ ကွန်ပျူတာနဲ့ မူးယစ်ဆေးဝါးတချို့ ဖမ်းဆီးရမိခဲ့တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ တာချီလိတ်မြို့ခံ တစ်ဦးက ပြောပါတယ်။
“မီးဖြတ်ပြီးနောက်ပိုင်း အဖမ်းအဆီးတွေ ပိုများလာတယ်။ တချို့တွေ ပိတ်ထားကြတယ်။ အခုဖမ်းတယ်ဆိုတာ အသေးအမွှားလေးတွေပါ။ တကယ့်အကြီးကြီးတွေ ရှိနေသေးတယ်”
အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်နဲ့ ကျိုင်းတုံမြို့နယ်တို့မှာ ကာစီနိုလောင်းကစားရုံနဲ့ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ပိုများလာပြီး စစ်ကောင်စီတပ်က ဖမ်းဆီးမှုတွေ ရှိလာရင် နေရာရွှေ့ပြောင်းသွား ကြတယ်လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့အထိ မြန်မာနိုင်ငံထဲမှာ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ငါးသောင်းခွဲကျော် (၅၅,၇၁၁ ဦး) ကို စိစစ်ဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ နှိမ်နင်းဖို့အတွက် ထိုင်းအစိုးရက ဖေဖော်ဝါရီ ၅ ရက်နေ့က စပြီး မြဝတီ၊ ဘုရားသုံးဆူ၊ တာချီလိတ် စတဲ့ နယ်စပ်နေရာ ငါးခုကို လောင်စာဆီ၊ လျှပ်စစ်မီးနဲ့ အင်တာနက်ဖြတ်တောက်ထားပါတယ်။